မန်ချက်စတာယူနိုက်တက်အသင်းကတော့ အခုဆောင်းစျေးကွက်အတွင်းမှာ ပြင်သစ်လီဂူးကလပ် RC လန်းစ်အသင်းရဲ့ အာဂျင်တီးနားနောက်ခံကစားသမားလေး ဖာကွန်ဒိုမယ်ဒီနာကို ခေါ်ယူသွားဖို့အတွက် အတော်လေးကို စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လို့နေပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်းဝန်းကျင်လောက်နဲ့ အပြောင်းအရွှေ့ဖြစ်လာအောင် ကြိုးပမ်းဖွယ်ရှိကာ ပြောင်းရွှေ့မှုဖြစ်လာခဲ့မယ်ဆိုရင်လည်း လက်ကျန်ဘောလုံးရာသီအထိ လန်းစ်အသင်းမှာပဲ ဆက်လက်အငှားချသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ မယ်ဒီနာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသူဖြစ်ပြီး ဘယ်နောက်ခံနေရာမှာ အဓိက ပါဝင်ကစားသူဖြစ်ပြီး လိုအပ်ရင် ဗဟိုခံစစ်နေရာမှာပါ ကစားတတ်သူလည်းဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ ထိပ်တန်းကလပ် ရေးဗားပလိတ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ မယ်ဒီနာဟာ ဘယ်နောက်ခံနေရာမှာ စတင်ကစားခဲ့သူဖြစ်ပေမယ့် လန်းစ်အသင်းကို စတင်ရောက်ရှိချိန်မှာ အသင်းရဲ့ ဗဟိုခံစစ်နေရာမှာပဲ အကြိမ်ရေများစွာ ကစားခဲ့ရပြီး ဒီရာသီ သူပါဝင်ကစားခဲ့တဲ့ လီဂူး(၁၁)ပွဲလုံးမှာ ဗဟိုခံစစ်နေရာမှာသာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Photo Credit : Sport Witness

လွန်ခဲ့တဲ့တစ်နှစ်ကမှ ဥရောပဘောလုံးနယ်ပယ်ထဲကို စတင်ရောက်ရှိလာခဲ့တဲ့ နောက်ခံလူမယ်ဒီနာဟာ လပိုင်းအတွင်းမှာပဲ ဥရောပအသင်းတွေရဲ့ မျက်စိကျမှုကို စတင်ပိုင်ဆိုင်လာခဲ့ရပြီး အခုဆို ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကပါ ပါဝင်လာခဲ့ပါတယ်။ Sport Witness သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ မယ်ဒီနာကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းဘက်ကနေ အသည်းအသန် စိတ်ဝင်စားလျက်ရှိနေပြီး ကနဦးကမ်းလှမ်းချက်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ်ရှိနေသလို ဒီကမ်းလှမ်းချက်ကို လန်းစ်အသင်းဘက်ကနေ လက်ခံခဲ့မယ်ဆိုရင်လည်း မယ်ဒီနာကို လန်းစ်အသင်းဆီ ပြန်လည်အငှားချပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မယ်ဒီနာဟာ လန်းစ်အသင်းကို ရောက်ရှိတာက တစ်နှစ်တာတောင် မရှိသေးတဲ့အတွက် အသင်းနဲ့ အလျင်အမြန် လမ်းခွဲဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့က ချက်ချင်းဖြစ်ပေါ်လာဖို့ သိပ်မလွယ်နိုင်ဘူးလို့ သိရပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ ယူနိုက်တက်အသင်းဟာ မကြာသေးခင်ကမှ အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစားသမားလေး အာမတ်ဒီယဲလ်လိုကိုတော့ လာမယ့်လပိုင်းလောက်မှာပဲ ယူနိုက်တက်စီနီယာအသင်းကြီးမှာ စတင်အသုံးပြုတော့မှာဖြစ်တယ်လို့ အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။