MySport Myanmar

အဲရစ်ဆင်ကို စပါး အဲဗာတန်တို့နဲ့အပြိုင် ယူနိုက်တက်အသင်းကပါ ခေါ်ယူချင်နေ

ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုပြီး ဘောလုံးနယ်ပယ်ထဲကို ပြန်လည်ခြေချလာခဲ့တဲ့ ဒိန်းမတ်အကျော်အမော် ဘောလုံးသမား ခရစ္စတီယန်အဲရစ်ဆင်ကို သူရဲ့လက်ရှိကလပ် ဘရန့်ဖို့ဒ်က စာချုပ်သက်တမ်း တိုးမြှင့်သွားချင်နေတဲ့အပြင် စပါး အဲဗာတန်အသင်းတွေနဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်းကပါ အဲရစ်ဆင်ကို ခေါ်ယူသွားချင်နေတယ်လို့ The Mirror သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sporting News

အသက်(၃၀)အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ပြိုင်ပွဲမှာ heart attack ပြသာနာနဲ့ ရင်ဆိုင်ခဲ့ရရင်း ကွင်းထဲလဲကျခဲ့ရင်း ကုသမှုတွေ ခံယူခဲ့ရာကနေ နောက်ဆုံးမှာတော့ နှလုံးခုန်စက် တပ်ဆင်ပြီး ဘောလုံးဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးစက်တပ်ဆင်ထားလို့ အင်တာမီလန်အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ မဖြစ်နိုင်တော့တဲ့ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ပူးပေါင်းပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချလာခဲ့ရာ အကောင်းဆုံးခြေစွမ်းတွေပါ ပြသထားနိုင်လာတာကြောင့် သူ့ကို အသင်းဟောင်းစပါး အဲဗာတန်တို့အပြင် ယူနိုက်တက်အသင်းကပါ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Mirror

အေဂျက်စ် စပါးနဲ့ အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက်လည်း ပရီးမီးယားလိဂ် (၁၁)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ အဲရစ်ဆင်ကို သူရဲ့လက်ရှိကလပ် ဘရန့်ဖို့ဒ်က ကာလရှည် စာချုပ်တစ်ရပ်နဲ့ပါ သက်တမ်းတိုးသွားဖို့ ကမ်းလှမ်းထားတဲ့အပြင် အသင်းဟောင်းစပါး အဲဗာတန်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ကပါ အဲရစ်ဆင်ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပြီး အဲရစ်ဆင်စာ ဘရန့်ဖို့ဒ်နဲ့ သက်တမ်းမတိုးဖြစ်တော့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ အဲရစ်ဆင်ကတော့ လာမယ့်နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဒိန်းမတ်အသင်းအတွက် ပါဝင်ကစားပေးဖို့ ရရှိစေနိုင်အောင် သူ့ကို ပုံမှန်ကစားခွင့်ပေးနိုင်မယ့် ကလပ်အသင်းဆီကိုသာ ပြောင်းရွှေ့လိုနေပြီး လတ်တလော သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ သူရဲ့လက်ရှိကလပ် ဘရန့်ဖို့ဒ်လောက် ကစားခွင့်ပေးနိုင်မယ့် အသင်းက နည်းပါးနေတာကြောင့် အသင်းမပြောင်းပဲ ဘရန့်ဖို့ဒ်နဲ့သာ ဆက်လက်ပူးပေါင်းဖွယ် ရှိနိုင်ပါတယ်။

Exit mobile version