ကစားသမားဘဝမှာ ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတတ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားရင်းနဲ့ ထိခိုက်ဒဏ်ရာရသွားခဲ့ပြန်တာကြောင့် ပွဲကိုဆက်လက်မကစားနိုင်တော့ပဲ လူစားလဲပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘန်လေနဲ့ပွဲကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Indenpendent

အသက်(၂၆)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား ဘိုင်လီဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာတွေနဲ့ ခဏခဏ ရင်ဆိုင်နေရသလို ကစားရတဲ့ပွဲထက် အနားယူနေရတဲ့ရက်က ပိုများနေရသူလည်းဖြစ်ပါတယ်။ အခုလည်း ဒဏ်ရာကနေ သက်သာလာခဲ့လို့ အသင်းအတွက် ပြန်လည်ကစားပေးနေစဉ်အတွင်းမှာပဲ နောက်ထပ်ဒဏ်ရာတစ်ခုနဲ့ ထပ်ကြုံလိုက်ရပြန်ပြီး ဒဏ်ရာအခြေအနေကို အတိအကျမသိသေးပေမယ့်လည်း အရမ်းကြီး ပြင်းထန်ခြင်းမရှိတဲ့အတွက် ရက်အနည်းငယ်လောက်သာ အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit : Manchester Evening News

မနေ့ညက ဝက်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ အက်အေဖလားပွဲစဉ်အတွင်း ဘိုင်လီဟာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး တွမ်ဇီဘီနဲ့အတူ ခံစစ်မှာ တွဲဖက်ကစားခဲ့ရရင်းနဲ့ ပထမပိုင်းပြီးခါနီးလောက်မှာ ပြိုင်ဘက်အသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ရှင်းထုတ်ရင်း အသင်းဖော် ဂိုးသမားဒင်းဟန်ဒါဆန်နဲ့ ထိခိုက်မိခဲ့ရာကနေ လည်ပင်းဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသွားခဲ့ပေမယ့် ဘိုင်လီကိုယ်တိုင်က ပွဲကိုဆက်ကစားဖို့ ဆန္ဒပြင်းပြလျက်ရှိနေပြီး ယူနိုက်တက်အသင်း ဆေးအဖွဲ့က အနားပေးလိုက်ဖို့က ပိုပြီးသင့်လျော်တယ်လို့ အကြံပြုလာခဲ့ခြင်းကြောင့်သာ မက်ဂွိုင်းယားနဲ့ လူစားလဲခဲ့လိုက်ရတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်များစွာက အခုလို ဒဏ်ရာတွေ မကြာခဏ ရရှိနေတဲ့ ဘိုင်လီရဲ့ အနေအထားကို စိတ်ပျက်နေကြပေမယ့်လည်း ဘိုင်လီကတော့ သူအဆင်ပြေနေကြောင်းနဲ့ ဒါက ထိခိုက်မှုလေးသာဖြစ်ကြောင်း တွစ်တာပေါ်ကနေ ပြန်လည်ဖြေရှုင်းထားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ဘိုင်လီရဲ့ ဒဏ်ရာအခြေအနေကို သိရှိရဖို့အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားခဲ့ပြီး သတင်းတွေရဲ့ ဖော်ပြချက်တွေအရ ဘိုင်လီအနေနဲ့ ဘန်လေနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကိုတော့ သေချာပေါက် လွဲချော်နိုင်ပြီး လီဗာပူးလ်နဲ့ပွဲစဉ်လောက်မှသာ ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။