MySport Myanmar

လိုင်ယွန် full-back ကစားသမားလေး ဂူစတိုကို စိတ်ဝင်စားနေတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဂူးကလပ် လိုင်ယွန်အသင်းရဲ့ ညာနောက်ခံကစားသမားလေးဖြစ်သူ မယ်လိုဂူစတိုကို စိတ်ဝင်စားလျက် ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ပြင်သစ်နောက်ခံအစွန်လူ ဂူစတိုက ၂၀၁၆ခုနှစ်ကတည်းက လိုင်ယွန်လူငယ်အသင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာပဲ လိုင်ယွန်စီနီယာအသင်းအတွက် စတင် ကစားခွင့်ရခဲ့ပါတယ်။ အခုဆိုရင်တော့ ဂူစတိုဟာ လိုင်ယွန်ရဲ့ first-choice right-back ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ပြီးခဲ့တဲ့ရာသီကတည်းက ဆက်တိုက်ဆိုသလို ပါဝင်နေရတာဖြစ်ပြီး အကောင်းဆုံး performance တွေလည်း ပြသနေတဲ့အတွက် ယူနိုက်တက်အသင်းကပါ ဂူစတိုကို စတင် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Ligue 1

ပြင်သစ် ယူ-၂၁ ကစားသမားလေး ဂူစတိုကို ယူနိုက်တက်အပါအဝင် အသက်လက်တီကို ဂျုဗင်တပ်စ် ဒေါ့မွန်အသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေကြပြီး တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားလေး ဖြစ်တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းကလည်း လက်ရှိ အသင်းရဲ့ ညာခြမ်းခံစစ်နေရာမှာ ဒါလော့တစ်ဦးတည်းကိုသာ ဦးစားပေး ကစားစေတာဖြစ်ပြီး ဝမ်ဘစ်ဆာခါကိုတော့ နေရာမပေးလိုပဲ ဈေးကွက်ထဲမှာပါ ရောင်းထုတ်သွားချင်နေတာကြောင့် နောက်ထပ် right-back တစ်ဦးအဖြစ် ဂူစတိုကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဂူစတိုကတော့ လိုင်ယွန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်သလို လိုင်ယွန်ဘက်က အသင်းမှာ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားချင်နေတဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် ရောင်းထုတ်ဖို့ထက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ကိုသာ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ ဂူစတိုရဲ့ လက်ရှိတန်ကြေးကတော့ ယူရို(၁၆.၅)သန်းခန့် ရှိနေတယ်လို့ transfermarket ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Exit mobile version