ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေပါ လွဲချော်လာခဲ့ချိန် ယူနိုက်တက်ဘက်က ရော်နယ်လ်ဒိုနေရာနမှာ အစားထိုးဖို့အတွက် တိုက်စစ်ကစားသမားတွေကို ရှာဖွေလျက်ရှိနေရာ လက်ရှိမှာတော့ မိုနာကိုအသင်းရဲ့ ပြင်သစ်တ်ိုက်စစ်မှူး ဘင်ယက်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Cristiano Ronaldo's Last Dance in Manchester | The New Yorker

Photo Credit : The New Yorker

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းရဲ့အခြေအနေဆိုးတွေကြောင့် ဆက်လက် မပူးပေါင်းလိုတော့ပဲ အသင်းကသာ ထွက်ခွာချင်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ရော်နယ်လ်ဒိုဟာ မိသားစုကိစ္စ အကြောင်းပြချက်နဲ့ပဲ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေပါ ပျက်ကွက်နေတာကြောင့် အသင်းဘက်က ရော်နယ်လ်ဒိုကို မရောင်းထုတ်လိုသော်လည်း လမ်းခွဲရဖို့က သေချာသလောက် ရှိလာခဲ့တာဖြစ်လို့ သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကိုပါ ကြိုတင်ရှာဖွေထားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

လတ်တလောမှာတော့ ယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ မိုနာကိုအသင်းမှာ ဂိုးမြူးခဲ့တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘင်ယက်ဒါကို မျက်စိကျနေခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ် ဘင်ယက်ဒါဟာ ပြီးခဲ့တဲ့ရာသီက လီဂူးမှာ (၂၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာပေရဲ့နောက် (၃)ဂိုးအကွာနဲ့ လီဂူးဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနေရာ ရရှိခဲ့သလို တစ်ရာသီအတွင်းမှာလည်း မိုနာကိုအတွက် စုစုပေါင်း (၃၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဘင်ယက်ဒါဟာ ၂၀၁၉ခုနှစ်ကမှ ဆီဗီလာကနေ မိုနာကိုအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မိုနာကိုအတွက် (၃)ရာသီအတွင်း (၇၃)ဂိုးအထိ အားပါးတရ သွင်းယူပေးထားသလို မနှစ်ကရာသီမှာလည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ယူနိုက်တက်က ဘင်ယက်ဒါကို အလိုရှိလာခဲ့တာ ဖြစ်ပေမယ့် ဝုလ်ဗ်အသင်းကလည်း ယူနိုက်တက်နဲ့အပြိုင် ဘင်ယက်ဒါကို စောင့်ကြည့်လျက် ရှိနေပါတယ်။ ဘင်ယက်ဒါဟာ လက်ရှိမှာ မိုနာကိုအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်သလို အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်တာကြောင့် မိုနာကိုဘက်က ရောင်းထုတ်သွားဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်အနေနဲ့ တခြားပစ်မှတ်တွေကို ထပ်မံ ချဉ်းကပ်ရဖွယ် ရှိနေပါတယ်။