မကြာခင်မှာ စတင်ကျင်းပသွားတော့မယ့် ယူရို-၂၀၂၀ ပြိုင်ပွဲကြီးမှာ တူရကီလက်ရွေးစင်အသင်းနဲ့ ဝင်ရောက်ဆင်နွဲသွားမယ့် ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာကန်ချာဟာနိုဂလူးဟာ လက်ရှိအချိန်မှာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် သူ့ကို ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းပါ အပါအဝင် ဖြစ်လို့နေပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အသက်(၂၇)နှစ်အရွှယ်ရှိ တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမားကို ခေါ်ယူသွားဖို့ အစောပိုင်းကာလကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားချင်နေတာကြောင့် မီလန်နဲ့ သက်တမ်းတိုးဖို့ထက် အသင်းပြောင်းဖို့ကိုပဲ စိတ်အားထက်သန်လို့နေပါတယ်။ ဒီ ကြယ်ပွင့်ကစားသမားကို ယူနိုက်တက်အသင်းနဲ့အပြိုင် လီဗာပူးလ် အာဆင်နယ် ဂျုဗင်တပ်စ်အသင်းတွေကပါ အပြိုင်စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထက် အသာရနိုင်ဖို့ ယူနိုက်တက်အသင်းက ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

Photo Credit : Wallpaperflare

ချာဟာနိုဂလူးဟာ အေစီမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်တာကြောင့် မီလန်ဘက်ကနေ ဒီလိုကစားသမားမျိုးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းချင်နေတာဖြစ်ပေမယ့် အခုအချိန်ထိတော့ ချာဟာနိုဂလူးအနေနဲ့ မီလန်ဘက်က ကမ်းလှမ်းမှုကို လက်ခံသွားမယ့် အရိပ်အယောင်မျိုးကို မမြင်တွေ့ထားရပါဘူး။ ဒါ့အပြင် ချာဟာနိုဂလူးအနေနဲ့ တူရကီအသင်းနဲ့ ယူရိုပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲပြီးမှပဲ သူရဲ့အနာဂတ်ကို စတင်စဉ်းစားနိုင်တာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေက အပြိုင်အဆိုင်ကို ကြိုးပမ်းနေကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း မီလန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၃)ပွဲအထိကို ပါဝင်ကစားဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ချာဟာနိုဂလူးဟာ စုစုပေါင်းသွင်းဂိုး (၉)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၂)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဥရောပထိပ်တန်းလိဂ် (၅)ခုအတွင်းမှာ အခွင့်အရေးများစွာ ဖန်တီးပေးနိုင်တဲ့ ကစားသမားတွေထဲမှာ Chance Created ပေါင်း (၉၈)ကြိမ်နဲ့ ထိပ်ဆုံးနေရာကပါ ရပ်တည်လို့နေပါတယ်။