မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး တကယ်လို့သာ ကစားသမားဘက်ကနေ အသင်းနဲ့ ပြန်လည်လက်တွဲဖြုတ်လိုတဲ့ ဆန္ဒမျိုး ရှိနေခဲ့မယ်ဆိုရင် ယူနိုက်တက်ဘက်ကပါ ကစားသမားရဲ့ ဆန္ဒကို လိုက်လျောသွားမှာဖြစ်သလို သူ့နေရာအတွက်ကိုလည်း အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်နဲ့ ပြန်လည်အစားထိုးသွားလိမ့်မယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

ပြီးခဲ့တဲ့ နွေရာသီကမှ ဂျုဗင်တပ်စ်အသင်းကနေ အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားကြီး ရော်နယ်လ်ဒိုဟာ သူရဲ့တကျော့ပြန် ခရီးစဉ်က မြင့်တလှည့် နိမ့်တလှည့် ဖြစ်နေရသလို လက်ရှိ ယာယီနည်းပြ ရန်းနစ်ရဲ့လက်အောက်မှာလည်း သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေကြောင့် အသင်းဆီ ပြန်ရောက်လာပြီး တစ်နှစ်အတွင်းမှာပဲ အသင်းနဲ့ ထပ်မံလမ်းခွဲဖို့ စဉ်းစားလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုနဲ့ ခြေစွမ်းပိုင်း ညံဖျင်းလွန်းမှုတွေကြောင့်လည်း အသင်းက လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲဖို့ မရေမရာ ဖြစ်နေရတဲ့အတွက် ရော်နယ်လ်ဒိုက မန်ချက်စတာကနေ ထပ်မံကျောခိုင်းချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Royal Blue Mersey

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲ မတိုင်ခင်မှာလည်း ရော်နယ်လ်ဒိုဟာ တင်ပါးဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့အပေါ် သတင်းအမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး ယူနိုက်တက်နည်းပြ ရန်းနစ်ကတော့ သူရဲ့ဆေးအဖွဲ့ဟာ သောကြာနေ့ မနက်ကတည်းက ရော်နယ်လ်ဒို ဒဏ်ရာရနေလို့ လေ့ကျင့်ခန်းတောင် မဆင်းနိုင်တဲ့အကြောင်း အသိပေးထားတာဖြစ်လို့ မန်ချက်စတာဒါဘီပွဲကို ရော်နယ်လ်ဒို မပါဝင်လာနိုင်ရတာဖြစ်တယ်လို့ ရှင်းလင်းထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေတွေ အဝတ်လဲခန်းအတွင်း စည်းလုံးမှု ပြိုကွဲနေရတဲ့ အနေအထားတွေကြောင့် ရော်နယ်လ်ဒိုအနေနဲ့ အသင်းကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ချက် ချလာခဲ့မယ်ဆိုရင်လည်း ယူနိုက်တက်ဘက်က လိုက်လျောပေးသွားမှာ ဖြစ်တဲ့အပြင် သူရဲ့နေရာအတွက် အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်နဲ့ပါ ပြန်လည်အစားထိုးဖို့ ချိန်ရွှယ်နေပြီလို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရာဇီးလ်လက်ရွေးစင် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ကနေ (၇၀)လောက်အထိ သုံးစွဲရဖွယ် ရှိနိုင်ပြီး တချို့ reports တွေမှာဆိုရင်တော့ ယူနိုက်တက်ဟာ ကစားသမားရဲ့အေးဂျင့်နဲ့ပါ ချိတ်ဆက်မှုတွေပါ ပြုလုပ်နေပြီလို့ ဖော်ပြထားကြပါတယ်။