မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တောက်ပခဲ့တဲ့ နယ်သာလန် ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကိုဒီဂက်ပိုကို ခေါ်ယူသွားနိုင်ဖို့အတွက် ဂက်ပိုရဲ့ ကလပ်အသင်း PSV နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Cody Gakpo told to turn Liverpool down as huge Man Utd attraction emerges;  Ten Hag sent advice in January - UK Daily News

Photo Credit : UK Daily News

ယူနိုက်တက်အသင်းက နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာကတည်းက ဂက်ပိုကို ပစ်မှတ်ထားခဲ့ပေမမယ့် အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖြစ်ခဲ့လို့ ဂက်ပိုကို ဆက်ပြီး မကမ်းလှမ်းတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာက ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက အသင်းနဲ့ လမ်းခွဲသွားပြီ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းအတွက် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာခဲ့တဲ့အတွက် ဂက်ပိုကို ထပ်မံ ကမ်းလှမ်းဖို့ လိုအပ်လာခဲ့ပြီး အခုလည်း ဂက်ပိုရဲ့ PSV အသင်းနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွယ်သာ ရှိနေသေးပြီး ဘယ်ညာတောင်ပံ နှစ်ဖက်မှာသာမက အထောင်တိုက်စစ်နေရာမှာပါ ကစားတတ်သူ ဂက်ပိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းအတွက်ပါ အထူး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီရာသီမှာ PSV အသင်းအတွက် (၁၅)ဂိုးသွင်း (၁၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဂက်ပိုဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်အတွက် အုပ်စုပွဲ(၃)ပွဲဆက်တိုက် သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အသင်းအတွက် အတော်လေးကို အားထားရတဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဂက်ပိုကို ယူနိုက်တက် အပါအဝင် ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ပြီး PSV အသင်းဟာလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ကြုံတွေ့လာရတာကြောင့် ဂက်ပိုအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ လက်လွတ်လိုက်ဖို့ စဉ်းစားလာခဲ့ပါတယ်။ ဒီအခြေအနေမှာ ယူနိုက်တက်က ဂက်ပိုကို ခေါ်ယူနိုင်ဖို့အတွက် PSV အသင်းနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် အခြား ကလပ်အသင်းတွေထက် လက်ဦးမှု ရနိုင်ဖွယ် ရှိနေရပါတယ်။ ယူနိုက်တက်ဟာ ဂက်ပိုကို လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ ပေါင်သန်း(၅၀)အောက် ပမာဏတစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။