MySport Myanmar

သြစတြီးယား တိုက်စစ်မှူးကြီး အနော်တိုဗစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ခံရတဲ့ မန်ယူ

နွေဈေးကွက် မပိတ်သိမ်းခင်မှာ အသင်း တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်သွားဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းရဲ့ သြစတြီးယား ဝါရင့် တိုက်စစ်ကစားသမားကြီး မာကိုအနော်တိုဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို(၈.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဘိုလော့ဂ်နာဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ အီတလီနာမည်ကျော် သတင်းထောက် ဒီမာဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

နွေဈေးကွက်ထဲမှာ ဘယ်နောက်ခံလူ မာလာစီယာ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်သွားဖို့ ပြင်ဆင်နေပေမယ့် အသင်းက တကယ် အလိုရှိနေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့က ခက်ခဲနေခဲ့ရပါတယ်။ အခုလည်း အသင်းဘက်က ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ အနော်တိုဗစ်ရဲ့ လက်ရှိကလပ် ဘိုလော့ဂ်နာဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အနော်တိုဗစ်ဟာ နယ်သာလန်ကလပ် FCတွမ်တီးအသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး စတုတ်စီးတီး ဝက်စ်ဟမ်းယူနိုက်တက်အသင်းတွေနဲ့ပါ ပရီးမီးယားလိဂ်တွေမှာ ကျင်လည်ခဲ့ဖူးတဲ့ သြစတြီးယား ကစားသမားကြီးတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘိုလော့ဂ်နာကို ရောက်ရှိလာခဲ့တဲ့ အနော်တိုဗစ်ကို မန်ယူနိုက်တက်ဘက်က ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် အသင်းပရိသတ်တွေက စိတ်ပျက်နေကြပြီး အနော်တိုဗစ်ထက် ပိုမို ငယ်ရွယ်ပြီး အရည်အသွေးကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတစ်ဦးကိုသာ ခေါ်ယူသွားစေချင်နေပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်က အနော်တိုဗစ်အတွက် ကနဦး ကမ်းလှမ်းချက် ပယ်ချထားခဲ့ခြင်းအပေါ် လက်လျှော့သွားဖွယ် မရှိပဲ နောက်ထပ် ကမ်းလှမ်းမှုတွေပါ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေသလို အနော်တိုဗစ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်နိုင်လိမ့်မယ်လို့ပါ ယုံကြည်နေပါတယ်။ အနော်တိုဗစ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၁၈၄)ပွဲ ကစားခဲ့ရပြီး စုစုပေါင်း (၄၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version