MySport Myanmar

ရာဘီယူကို ခေါ်ယူဖို့ ကြိုးပမ်းပြီးနောက် မီလင်ကိုဗစ်ကိုပါ ထပ်မံ ပစ်မှတ်ထားလာပြန်တဲ့ မန်ယူ

ဘရိုက်တန်အသင်းကို အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့ရပြီးနောက်ပိုင်း လုံးဝကို အလုပ်မဖြစ်တော့တဲ့ တွမ်မီနေး ဖရက်တို့ရဲ့ ကွင်းလယ်ပိုင်းကို ပြင်ဆင်သွားဖို့ လိုအပ်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကွင်းလယ်လူတွေဖြစ်တဲ့ အက်ဒရီယန်ရာဘီယူကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းနေတဲ့အပြင် အခုလည်း အသင်းနဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေတဲ့ လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကိုပါ အရခေါ်ယူနိုင်ဖို့ ပြင်ဆင်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Goal

ဒီရာသီအတွင်း ကွင်းလယ်ပိုင်း ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာ နီမန်ဂျာမာတစ် ဟွမ်မာတာ ဂျက်ဆီလင်ဂတ်နဲ့ အန်ဒရေပါရဲရားတို့ကို လက်လွတ်ထားခဲ့ရပြီး ဒိန်းမတ် ဝါရင့်ကစားသမား ခရစ္စတီယန်အဲရစ်ဆင် တစ်ဦးတည်းကိုသာ ပြန်လည် ဖြည့်တင်းထားခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ရာသီအစ ပရီးမီးယားလိဂ် တာထွက်ရှုံးပွဲအပြီးမှာ ကွင်းလယ်ပိုင်းအတွက် ထပ်မံ ဖြည့်တင်းမှုတွေနဲ့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ သိမြင်သွားခဲ့ရပါတယ်။ နွေဈေးကွက်တစ်လျှောက်လုံး ဖရန်ကီဒီယွန်းကိုသာ တစ်စိုက်မတ်မတ် ပစ်မှတ်ထားလာခဲ့တဲ့ မန်ယူနိုက်တက်ဟာ လက်ရှိမှာ ဒီယွန်းကို မရဖို့ သေချာနေပြီဖြစ်လို့ နည်းပြတန်ဟက်ဂ်က သူ့စိတ်ကြိုက် ကစားသမားတွေထဲကမှ တိုက်စစ်ပိုင်းအတွက် အနော်တိုဗစ်နဲ့ ကွင်းလယ်ပိုင်းအတွက် ရာဘီယူတို့ကို စတင် ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Twitter

ဒီကစားသမားနှစ်ယောက်ကို ခေါ်ယူဖို့ လုပ်ဆောင်နေရင်းနဲ့ မန်ယူနိုက်တက်အသင်းက နောက်ထပ် ကွင်းလယ်လူနှစ်ဦးနဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ဒီကစားသမားတွေကတော့ ဘက်တစ်အသင်းရဲ့ ကစားသမား ဂွီဒိုရိုဒရီဂွက်ဇ်နဲ့ အသင်းရဲ့ အမြဲတမ်းပစ်မှတ်ဖြစ်သူ မီလင်ကိုဗစ်တို့ ဖြစ်ပါတယ်။ မန်ယူနိုက်တက် ပရိသတ်အများစုက အနော်တိုဗစ် ရာဘီယူတို့နဲ့ သတင်းထွက်ပေါ်နေခြင်းအပေါ် စိတ်ပျက်လျက် ရှိနေရာ မီလင်ကိုဗစ်လို big name player မျိုးနဲ့ သတင်းပြန်ထွက်လာခြင်းကို စိတ်လှုပ်ရှားနေကြပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ မန်ယူနိုက်တက်ဘက်က မီလင်ကိုဗစ်ကို ခေါ်ယူနိုင်ဖို့အတွက် အစောပိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး လာဇီယိုကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ ရောင်းမထုတ်လိုပေမယ့် ယူနိုက်တက်ကသာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အပြောင်းအရွှေ့အတွက် စဉ်းစားလာဖွယ် ရှိတယ်လို့ သိရပါတယ်။ ဆာဘီးယားလက်ရွေးစင် မီလင်ကိုဗစ်ဟာ ကွင်းလယ်နေရာစုံမှာ ကစားတတ်သူဖြစ်လို့ ဒီယွန်းလို player မျိုး မခေါ်ယူနိုင်ရင်တောင် မီလင်ကိုဗစ်သာ ရခဲ့မယ်ဆိုရင်တော့ မန်ယူနိုက်တက်အတွက် ကျေနပ်စေရမယ့် ခေါ်ယူမှုတစ်ခု ဖြစ်လာရနိုင်ဖွယ် ရှိပါတယ်။

Exit mobile version