MySport Myanmar

ဒီဂျောင် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ယူနဲ့ ဘာစီလိုနာတို့ ဆွေးနွေးနေတယ်လို့ ရိုမာနိုဖော်ပြ

နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ ဘောလုံးသမား အပြောင်းအရွှေ့သတင်း အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက သူရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အေဂျက်စ်အသင်းနည်းပြဟောင်း အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် စတင်တာဝန်ယူချိန်မှာ သူရဲ့အေဂျက်စ်အသင်းသားဟောင်း ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း ရောဘတ်လီဝန်ဒေါစကီး ရာဖင်ညာနဲ့ ကူလီဘလီတို့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့အတွက် ဒီဂျောင်ကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချချင်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာမှာ ဆက်နေချင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က ခဲယဉ်းနေခဲ့ရပါတယ်။

Photo Credit : Twitter

ဒီဂျောင်အနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိထားခဲ့ရတဲ့ ယူနိုက်တက်အသင်းဆီကို မပြောင်းရွှေ့လိုပဲ သူရဲ့လက်ရှိကလပ် ဘာစီလိုနာအသင်းနဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ချင်ပေမယ့်လည်း ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ဒီဂျောင် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ယူနိုက်တက်က ဒီဂျောင်အတွက် ကနဦး ကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်လာမှာကို ဘာစီလိုနာဘက်က စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။ ဒီဂျောင်ကလည်း ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို ရောင်းမထုတ်ချင်ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အဆင်ပြေစေဖို့အတွက်ရော နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူရာမှာလည်း အသုံးစရိတ်နဲ့ ကစားသမား စာရင်းသွင်းရာမှာလည်း အဆင်ပြေနိုင်တာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာဆို လက်လွတ်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာဘက်က ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးကို ယူရို(၈၅)သန်း သတ်မှတ်လို့ထားပြီး အဲ့ဒီပမာဏလောက် အနည်းဆုံးထား ကမ်းလှမ်းလာမှသာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖွယ် ရှိနေပါတယ်။

Exit mobile version