MySport Myanmar

ဂျရူးကို အငှားနဲ့ ခေါ်ယူဖို့အတွက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ မန်ယူ

အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူအားဖြည့်ဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ အေစီမီလန်အသင်းရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်ကစားသမားကြီး အိုလီဗီယာဂျရူးကို အငှားနဲ့ ခေါ်ယူဖို့အတွက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်မီဒီယာ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ထားခဲ့ရတာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို မဖြစ်မနေ ရှာဖွေသွားရဖို့ ရှိနေပြီး အသက်လက်တီကိုအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားလေး ဂျာအိုဖေးလစ်ကို အငှားနဲ့ ခေါ်ယူသွားချင်ပေမယ့် ကစားသမားအတွက် အသက်လက်တီကိုဘက်က သတ်မှတ်ထားတဲ့ အငှားခေါ်ယူကြေးက မြင့်မားနေတာကြောင့် တခြားပစ်မှတ်တွေကို ပြောင်းလဲလာခဲ့ရသလို အခုလည်း အာဆင်နယ် ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းကြီး ဂျရူးကိုပါ ချိန်ရွှယ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဂျရူးဟာ မီလန်ကို ၂၀၂၁ခုနှစ်ကတည်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မီလန်နဲ့လည်း (၂)နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျရူးဟာ မီလန်နဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိနေတော့ပေမယ့် မီလန်ဘက်က ဂျရူးကို သက်တမ်းတိုးသွားချင်နေသလို အခုလည်း ယူနိုက်တက်အသင်းကပါ ဂျရူးကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပါတယ်။ အသက်အရွယ်အရ (၃၅)နှစ်အထက် ရှိနေပြီ ဆိုပေမယ့်လည်း ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အားထားရတဲ့ ကစားသမားကြီး ဖြစ်နေသေးတဲ့ ဂျရူးဟာ မကြာသေးခင်ကမှ ပြင်သစ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ စံချိန်သစ် စိုက်ထူထားနိုင်ခဲ့သလို ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်နဲ့အတူ ဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တိုက်ထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း မီလန်အတွက် (၁၉)ပွဲ ကစားထားပြီး (၉)ဂိုးသွင်း (၅)ဂိုး ဖန်တီးထားနိုင်တဲ့ ဂျရူးဟာ မီလန်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် သူ့ကို ယူနိုက်တက်အသင်းဆီ အငှားချဖို့က ဖြစ်နိုင်ခြေ နည်းလွန်းနေပြီး စာချုပ်သစ် ချုပ်ဆိုကာ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version