MySport Myanmar

နာပိုလီရဲ့ ကိုရီးယား ခံစစ်မှူးကို မြင့်မားတဲ့ လစာနဲ့ ကမ်းလှမ်းသွားမယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အီတလီ စီးရီးအေ ချန်ပီယံ နာပိုလီအသင်းရဲ့ တောင်ကိုရီးယား ခံစစ် ကစားသမား ကင်မင်ဂျယ်ကို လာမယ့်နွေမှာ အရ ခေါ်ယူသွားဖို့အတွက် မြင့်မားတဲ့ လစာငွေနဲ့ပါ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက် (၂၆)နှစ်အရွယ်ရှိ တောင်ကိုရီးယား လက်ရွေးစင် ဗဟိုနောက်ခံလူ ကင်မင်ဂျယ်ဟာ ၂၀၂၂ခုနှစ် နွေရာသီကမှ တူရကီကလပ် ဖီနာဘာချီအသင်းကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကို ရောက်ရှိသွားတဲ့ ကူလီဘလီ နေရာမှာ အစားဝင်ရောက်တဲ့ ကင်မင်ဂျယ်က နာပိုလီကို နှစ်ပေါင်း (၃၃)နှစ်အကြာမှာ စီးရီးအေ ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကင်မင်ဂျယ်ကို နာပိုလီဘက်က စာချုပ်သစ် ချုပ်ဆိုသွားချင်နေသလို မန်ယူနိုက်တက် နဲ့ လီဗာပူးလ်အသင်းတို့ကလည်း သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ပါ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။

Photo Credit : The Mirror

လီဗာပူးလ်ရော မန်ယူနိုက်ရောပါ သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ရတဲ့ ဗန်ဒိုက် မက်ဂွိုင်းယားတို့ နေရာမှာ အစားထိုးဖို့အတွက် ကင်မင်ဂျယ်ကို စိတ်ဝင်စားနေကြတာဖြစ်ပြီး ယူနိုက်တက်ဆိုရင် ခရစ္စမတ် မတိုင်ခင်ကတည်းက ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုလည်း ယူနိုက်တက်က ကင်မင်ဂျယ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ကင်မင်ဂျယ်ရဲ့ အေးဂျင့်တွေနဲ့ ပြန်လည် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်သလို ကစားသမားအတွက် မြင့်မားတဲ့ လုပ်ခလစာနဲ့ပါ ကမ်းလှမ်းသွားဖို့ ရှိနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ရာသီမှာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေပေမယ့်လည်း ခံစစ်အတွက်ကိုလည်း အားဖြည့်ရဖို့ ရှိနေပြီး လာမယ့်နွေမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပါအဝင် ဖေးလ်ဂျုံးစ် ဘိုင်လီ တွမ်ဇီဘီ နဲ့ လင်ဒီလော့တို့ပါ ရောင်းချလာနိုင်တာကြောင့် ဗဟိုခံစစ် နေရာအတွက် ပြန်လည် အားဖြည့်ရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version