မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်နောက်ခံကစားသမား ရာဖယ်လ်ဗာရန်းကို လန်းစ်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ်က လက်ဦးမှု ရယူကာ ၂၀၁၁ခုနှစ်မှာပဲ အသင်းဆီ အရခေါ်ယူနိုင်ခဲ့ပါတယ်။ ဗာရန်းရဲ့ ကစားသမားဘဝကလည်း ရီးရဲလ်ကို ရောက်ရှိချိန်မှာပဲ လုံးဝကို တဆစ်ချိုးပြောင်းလဲခဲ့ပြီး ကလပ်အသင်းနဲ့ရော နိုင်ငံလက်ရွေးစင်အသင်းနဲ့ပါ အဓိကဆုဖလားတွေများစွာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်နွေစျေးကွက်မှာတော့ ဗာရန်းကို အမြဲလိုလို အလိုရှိနေခဲ့တဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဗာရန်းကို ခေါ်ယူဖို့အတွက် အခြေအနေကောင်းလာနိုင်ပါတယ်။

Photo Credit : AS English

ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဗာရန်းရဲ့ စွမ်းဆောင်ရည်တွေအပေါ် သံသယဝင်စရာမရှိပေမယ့် ၂၀၂ဝခုနှစ်အတွင်းမှာ ဗာရန်းရဲ့အားနည်းချက်တွေ အမှားတွေက တဖြည်းဖြည်းနဲ့ များပြားလာခဲ့လို့ ဘန်ဇီမာရဲ့အေးဂျင့်ကပါ တွစ်တာပေါ်ကနေ ဗာရန်းကို ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဗာရန်းကလည်း မနှစ်က ဘောလုံးရာသီ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အမှားအယွင်းလုပ်ခဲ့ပြီးနောက်ပိုင်းကတည်းက သူရဲ့တည်ငြိမ်တဲ့ ကစားဟန်ကနေ မကြာခဏ သွေဖယ်ကာ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေနဲ့ အမှားအယွင်းတွေ မကြာခဏ ကျူးလွန်နေမိခဲ့ပါတယ်။

Photo Credit : Goal

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ကလည်း လာမယ့်ရာသီမှာ အသင်းရဲ့ အမာခံကစားသမား ဆာဂျီယိုရာမို့စ်ကို လက်လွတ်ရတော့မှာဖြစ်ပြီး ဗာရန်းကလည်း လာမယ့်၂၀၂၂ခုနှစ် အသင်းနဲ့ သက်တမ်းကုန်တော့မှာဖြစ်လို့ သက်တမ်းတိုးမယ့်ကိစ္စကို အလျင်အမြန် မလုပ်ဆောင်နိုင်ရင် လာမယ့်နွေမှာပဲ ရောင်းချရဖွယ်ရှိနေပါတယ်။ လတ်တလောမှာတော့ ရီးရဲလ်နဲ့ ဗာရန်းတို့ကြားမှာ စာချုပ်ကိစ္စတွေ လုံးဝထွက်ပေါ်ခြင်းမရှိသေးသလို ဗာရန်းရဲ့ အမှားအယွင်းတွေကိုလည်း အသင်းတာဝန်ရှိသူတွေဘက်ကနေ အနည်းငယ်စိတ်ပျက်လာနိုင်ပါတယ်။ သို့ပေမယ့်လည်း တစ်ဖက်က ပြန်ကြည့်ရင်တော့ ဇီဒန်းက သူရဲ့တစ်နိုင်ငံတည်းသားဗာရန်းကို အသင်းမှာပဲ ဆက်လက်ရှိနေစေချင်မှာဖြစ်သလို ရာမို့စ်သာ အသင်းနဲ့ သက်တမ်းမတိုးဖြစ်ဘူးဆိုရင်လည်း ဗာရန်းကို ဆက်ထိန်းထားနိုင်ပါတယ်။ တကယ်လို့ ဗာရန်းဘက်ကနေ အသင်းနဲ့ သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့မယ် ဒါမှမဟုတ် အသင်းကလည်း သူနဲ့ လက်တွဲဖြုတ်ချင်မယ်ဆိုရင်တော့ ဗာရန်းရဲ့ Be Soccer အေးဂျင့်စီနဲ့ အရင်းနှီးဆုံး ဆက်ဆံရေးတွေရှိနေတဲ့ ယူနိုက်တက်အသင်းက ဗာရန်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းအားထုတ်လာမှာ အသေအချာပါပဲ။ ဒါပေမယ့် အသက်(၂၇)ပဲရှိသေးတဲ့ World Class ကစားသမားတစ်ယောက်ကိုတော့ အနိမ့်ဆုံးတော့ ယူရိုသန်း(၇၀)လောက်နဲ့ ကမ်းလှမ်းရနိုင်တာကြောင့် ဗာရန်းကို အမှန်တကယ် အလိုရှိနေတဲ့ ယူနိုက်တက်အမှုဆောင်ချုပ်ကိုယ်တိုင် အခွင့်အရေးရလာခဲ့တဲ့အခါ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။