အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ် မာရော့တာက သူတို့ ဂိုးသမား အန်ဒရေ အိုနာနာကို မန်ချက်စတာယူနိုက်တက်အသင်းဘက်က စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရှိမနေသေးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အသင်းရဲ့ သက်တော်ရှည် ဂိုးသမားဖြစ်သူ ဒီဟေးယားကို အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ free agent နဲ့ ထွက်ခွာပေးလိုက်ရချိန်မှာ သူတို့ အဓိကပစ်မှတ်ထားနေတဲ့ အင်တာ ဂိုးသမား အိုနာနာနဲ့ ဒီဟေးယားနေရာ ပြန်လည် အစားထိုးနိုင်ဖို့အတွက် စတင် လှုပ်ရှားလာခဲ့ပါတယ်။ အိုနာနာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး အိုနာနာကိုယ်တိုင်ကလည်း သူ့ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲလိုတာကြောင့် အပြောင်းအရွှေ့ အထမြောက်လာဖို့ အသင်းနှစ်သင်းပေါ်မှာသာ မူတည်နေပါတော့တယ်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အင်တာ CEO မာရော့တာက “ မန်ချက်စတာယူနိုက်တက်အသင်းဟာ အန်ဒရေအိုနာနာကို စိတ်ဝင်စားနေကြောင်း ကျွန်တော်တို့ကို အတည်ပြု အသိပေးခဲ့ပါတယ်။ နောက်ရက်တွေမှာ တရားဝင် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို ကျွန်တော်တို့ စောင့်နေပါတယ်။ ပြီးရင်တော ဒါတွေအပေါ် ဘယ်လို တုံ့ပြန်သွားရမလဲဆိုတာ ဆုံးဖြတ်ပါမယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ အသင်းရဲ့ ဒါရိုက်တာက ဒီကိစ္စကို ဆောင်ရွှက်နေပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ မန်ယူနိုက်တက်ဘက်က တရားဝင် ကမ်းလှမ်းလာတာ မရှိသေးပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီအခြေအနေအရတော့ အိုနာနာအတွက် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုတွေသာ အင်တာမီလန် လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုး ဖြစ်နေမယ်ဆိုရင် ယူနိုက်တက်ဆီကို အိုနာနာ သေချာပေါက် ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ယူနိုက်တတ်က ဒီနွေဈေးကွက်ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် မေဆန်မောင့်ကို ပေါင် သန်း(၆၀)နဲ့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို လုံးဝ အပြီးသတ်ဖို့ ရှိနေပါတယ်။