မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ထိပ်တန်းကစားသမားဟောင်းကြီး ရွိုင်ကိန်းက လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားကြတော့မယ့် အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့  ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ အသင်းနှစ်သင်းရဲ့ကြား အနည်းငယ် အသာရနေတဲ့ အသင်းအကြောင်းကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Forbes

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို တတ်လှမ်းလာခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေမှုဟာ အလွန် စိတ်ဝင်စားစရာကောင်းနေရပြီး အာဂျင်တီးနားဆိုရင်လည်း ၁၉၈၆ ခုနှစ်ကတည်းက အလှမ်းဝေးနေခဲ့ရတဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုကို ရယူနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၈တုန်းက ချန်ပီယံ ဖြစ်ထားခဲ့ရတဲ့ ပြင်သစ်ဆိုရင်လည်း နှစ်ပေါင်း(၆၀)အကြာမှ ကမ္ဘာ့ဖလားမှာ (၂)ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ အကြိတ်အနယ် ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ကစားသမားဟောင်းကြီး ရွိုင်ကိန်းကလည်း သူ့ထင်မြင်ချက်တွေကို ပြောကြားလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

“ဒီပွဲဟာ ကြီးကျယ်ခမ်းနားတဲ့ ဗိုလ်လုပွဲတစ်ပွဲဖြစ်ပြီး တကယ့်ကို စောင့်မျှော် ကြည့်ရှုသွားရမယ့် ပွဲတစ်ပွဲပါ။ မော်ရိုကို အင်္ဂလန်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြင်သစ်ကစားပုံကို ကြည့်လိုက်ရင် သူတို့ မကောင်းမွန်ဘူးလို့ သင် ထင်နိုင်ပေမယ့် သူတို့အလုပ်ကိုတော့ ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲ့ဒီပွဲ(၂)ပွဲမှာ သူတို့တွေ ပေးဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပြီး အဲ့ဒါကလည်း ပင်နယ်တီကနေ ပေးခဲ့ရတာ။ ဒါပေမယ့် အာဂျင်တီးနားကတော့ သူတို့နောက်မှာ သူတို့ကို အားပေးနေတာတွေ အသင်းရဲ့ စွမ်းအားတွေနဲ့ လီယွန်နယ်မက်ဆီ ရှိနေတာတွေကြောင့် သင့်အနေနဲ့ သူတို့ကို အနည်းငယ် အသာရနေတဲ့ အသင်းလို့ ပြောရမလိုပါပဲ။ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ကျွန်တော်တို့တွေ မက်ဆီရဲ့ အထွတ်အထိပ်ကို မြင်ခဲ့ရတယ်။ သူဒီလိုတွေ လုပ်ဆောင်နိုင်ခဲ့တာ နှစ်နဲ့ချီနေပါပြီ။ သူ ကစားတာ အရမ်းကောင်းပြီး သူ ကစားနေတာကို ကြည့်နေရတာ သဘောကျမိတယ်။ သူ့အတွက်ပဲ ဆိုရင်တောင်မှ သူတို့အသင်း အနိုင်ရဖို့ကို မျှော်လင့်မိပါတယ်။ မော်ရိုကိုက ပြင်သစ်နဲ့ပွဲမှာ အခွင့်အရေးတွေ ဘယ်လောက် ရခဲ့လဲဆိုတာကိုကြည့်ရင် အာဂျင်တီးနားက ပြင်သစ်ကွင်းလယ်ကို ဖြတ်ကျော်ဖို့ ဘယ်လောက် လွယ်ကူနေမလဲ ဘယ်လောက်တောင် အခွင့်အရေး ရနိုင်မလဲဆိုတာကို မှန်းဆနိုင်ပါတယ်။ ဒါပေမယ့် ဖိုင်နယ်ပွဲက ခြားနားတဲ့ ပွဲလည်း ဖြစ်နေသလို ပွဲရဲ့ ပြင်းထန်မှုလည်း မတူပါဘူး။ ပြင်သစ်ဟာ လက်ရှိ ချန်ပီယံ ဖြစ်နေတာမို့ ယုံကြည်ချက် ရှိနေမှာ ဖြစ်သလို သူတို့ရဲ့ တိုက်စစ်ကစားသမားတွေကလည်း အာဂျင်တီးနားကို ဒုက္ခပေးနိုင်ပါလိမ့်မယ်” လို့ ရွိုင်ကိန်းက သုံးသပ်သွားခဲ့ပါတယ်။