ဥရောပရဲ့နွေစျေးကွက်မပိတ်သိမ်းခင်မှာ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့သေးပေမယ့် အသင်းဘက်ကနေ အပြောင်းအရွှေ့ကိစ္စကို အထမြောက်အောင် သေချာမလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မလာခဲ့တဲ့အပေါ် စိတ်ပျက်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တတိယဦးစားပေးဂိုးသမားဖြစ်တဲ့ ဆာဂျီအိုရိုမဲရိုးဟာ ဒီအောက်တိုဘာလထဲမှာပဲ အပြောင်းအရွှေ့ လုပ်ဆောင်လို့ရနေသေးတဲ့ အမေရိကန် မေဂျာလိဂ်ပြိုင်ရဲ့ ဘောလုံးအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမားကြီး ရိုမဲရိုးဟာ ၂၀၁၅ခုနှစ်ကမှ ဆမ်ဒိုးရီးယားကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒေးဗစ်ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ်နဲ့ ရှုံးထွက်ဖလားပွဲစဉ်အများစုမှာ ပါဝင်ခဲ့ရသူဖြစ်ကာ အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီမှာ ယူနိုက်တက်ကို ဂိုးသမားဒင်းဟန်ဒါဆန်က ပြန်လည်ရောက်လာခဲ့ပြီဖြစ်လို့ တတိယဦးစားပေးဖြစ်ရတော့မယ့်အပေါ် စိတ်ပျက်နေတဲ့ ရိုမဲရိုးက အသင်းကနေ ထွက်ခွာသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဂိုးသမားကြီး ရိုမဲရိုးဟာ နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ အဲဗာတန်အသင်းရဲ့ တစ်ရာသီအငှားနဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ဒါကိုယူနိုက်တက်အသင်းဘက်ကနေ လက်မခံခဲ့ပဲ အပြီးသတ်ခေါ်ယူမှသာ ရောင်းချသွားမယ်ဆိုပြီး ပြန်လည်တုန့်ပြန်ခဲ့လို့ နောက်ဆုံးမှာတော့ အဲဗာတန်အသင်းဘက်က ရိုးမားဂိုးသမားအော်လ်ဆန်ကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဘက်ကကနေ ရိုမဲရိုးကို ခေါ်ယူဖို့အတွက် သတင်းထွက်လာခဲ့တဲ့နောက်မှာ ရိုမဲရိုးရဲ့ဇနီးသည်ကိုယ်တိုင်ကပါ သူရဲ့ခင်ပွန်းကို အဲဗာတန်ဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ ယူနိုက်တက်အသင်းဆီ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သေးသလို ပြောင်းရွှေ့ခွင့်မပြုခဲ့တဲ့အပေါ်မှာလည်း စိတ်ဆိုးဒေါသထွက်လို့နေပါတယ်။ ဒီလိုအပြောင်းအရွှေ့ မဖြစ်ခဲ့ရတဲ့ ရိုမဲရိုးဟာ လက်ရှိအချိန်မှာ အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်လို့နေပြီး အောက်တိုဘာလ(၂၉)ရက်နေ့မှ စျေးကွက်ပိတ်သိမ်းသွားမယ့် အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲက ကလပ်အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လို့နေပါတယ်။ ရိုမဲရိုးဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားရခြင်းမရှိပဲ ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန်တို့ရဲ့နောက် တတိယဦးစားပေးဂိုးသမားနဲ့သာ ရှိနေရပါတယ်။