ဂိုးပေါက်ပျောက်နေတာ (၆)ပွဲအထိတောင် ရှိလာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူရဲ့ဂိုးမိုးခေါင်နေမှုကို ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ အဆုံးသတ်သွားနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးမှာ ရော်နယ်လ်ဒိုရဲ့ ပုံစံကောင်းကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေ တားဆီးပိတ်ပင်နေတဲ့ကြားက အဆုံးသတ်ကောင်းကောင်းနဲ့ သွင်းယူခဲ့တာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေ အသည်းခိုက်သွားခဲ့ရပါတယ်။

Photo Credit : Twitter

နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ ယူနိုက်တက်အသင်းဟာ ပွဲစဉ်(၁၈) ပွဲကျန်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့ရာ ဧည့်သည်ဘရိုက်တန်ရဲ့ တုံ့ပြန်ကစားအားကြောင့် အိမ်ရှင်အသင်း အခက်တွေ့ခဲ့ရပြီး မိနစ်(၅၀)ခန့်မှာပဲ ရော်နယ်လ်ဒိုက ဘရိုက်တန် ခံစစ်ကစားသမားတွေ တားဆီးနေတဲ့ကြားကနေ အားပါပြင်းထန်တဲ့ ကန်ချက်နဲု့ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးက အသင်းရဲ့ နိုင်ပွဲအတွက် အရေးပါလှတဲ့ သွင်းဂိုး ဖြစ်စေခဲ့ရသလို ဂိုးပေါက်ပျောက်နေလို့ ဝေဖန်ခံနေရမှုကိုလည်း အဆုံးသတ်သွားစေနိုင်တဲ့ သွင်းဂိုးလည်း ဖြစ်စေခဲ့ပါတယ်။

Photo Credit : Twitter

ဒီသွင်းဂိုးနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်း ပရိသတ်တွေက လူမှုကွန်ယက်တွေပေါ်ကနေ ချီးကျူးမှုတွေကို ရေးသားဖော်ပြလာခဲ့ကြပါတယ်။ “ရော်နယ်လ်ဒိုက တကယ်ကို ထူးခြားလွန်းတဲ့သူ” “ပုံစံက ယာယီ အဆင့်အတန်းကတော့ အမြဲတမ်း” “ရော်နယ်လ်ဒိုရဲ့ ကောင်းမွန်သေသပ်လှတဲ့ သွင်းဂိုးပါ။ သူရဲ့ ယူနိုက်တက် နေ့ရက်ဟောင်းတွေကိုတောင် သတိတရမိသွားစေခဲ့ရတယ်” “ရော်နယ်လ်ဒိုရဲ့ဂိုးဟာ မယုံနိုင်စရာပါပဲ။ သူ တစ်စုံတစ်ယောက်ကို ကျော်ဖြတ်သွားခဲ့သလား တစ်ချက်ထိလေးတွေနဲ့ ဘောလုံးဆွဲယူသွားခဲ့သလား ဂိုးသမားကရော လှုပ်ရှားလိုက်ရသလား။ တကယ့်ကို လှလှပပ ဖြစ်ပေါ်လာတဲ့ သွင်းဂိုးပါ” လို့ ရေးသားဖော်ပြထားကြပါတယ်။ အသက်(၃၇)နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုက ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၁၅)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး(၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။