MySport Myanmar

ပဲလေ့စ်နဲ့ပွဲမှာ ကတ်စမဲရိုးကို အနားပေးသွားဖို့ မန်ယူ ပရိသတ်များက တောင်းဆိုလာ

ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ ပွဲကျန် ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်ဒ်တို့ရဲ့ ပွဲစဉ်အတွင်းမှာ ယူနိုက်တက်ဒ် ကွင်းလယ်လူ ကတ်စမဲရိုးကို ထည့်သွင်းခြင်း မပြုပဲ အနားပေးသွားဖို့ ယူနိုက်တက်ဒ် ပရိသတ်များစွာက တောင်းဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဒ်အသင်းမှာ ပုံစံကောင်းပြသနေတဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အဝါကတ် ပြသခံခဲ့ရတာကြောင့် ဒီရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကတ်စမဲရိုးက စုစုပေါင်း အဝါကတ် (၄)ကတ်ထိ ပြသထားခံရပြီ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီနေ့ညမှာ ယှဉ်ပြိုင်သွားရမဲ့ ပဲလေ့စ်နဲ့ ပွဲစဉ်အတွင်း ကတ်စမဲရိုးအနေနဲ့ အဝါကတ် ထပ်မံ ပြသခံရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ တစ်ပွဲပယ်ခံရမှာဖြစ်လို့ အာဆင်နယ်နဲ့ ကစားရမဲ့ ပွဲစဉ်ကို သေချာပေါက် ပွဲပယ်ခံသွားရနိုင်ပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေ ရှိနေတာကြောင့် ပဲလေ့စ်နဲ့ပွဲမှာ ကတ်စမဲရိုးကို ထည့်သွင်းကစားခြင်း မပြုဖို့ ယူနိုက်တက်ဒ် ပရိသတ်တွေက တောင်းဆိုလာခဲ့ရတာ ဖြစ်ပေမဲ့လည်း ယူနိုက်တက်ဒ်ရဲ့ နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်သူ ဖရက်ဒ်ဟာလည်း ကတ်စမဲရိုးလို အဝါကတ်(၄)ကတ် ပြသခံထားရတာဖြစ်လို့ ဖရက်ဒ်အတွက်လည်း ဒီပွဲက သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဒီကစားသမား(၂)ဦးလုံးကို အနားပေးမယ်ဆိုရင်လည်း ယူနိုက်တက်ဒ် ကွင်းလယ်မှာ အဲရစ်ဆင်နဲ့ တွမ်မီနေးတို့ကိုသာ အသုံးပြုလာရနိုင်ပါတယ်။ လက်ရှိမှာတော့ ကတ်စမဲရိုးရော ဖရက်ဒ်ပါ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွင်း အတော်လေးကို ခြေစွမ်းပြနေပြီး form အရလည်း အကောင်းဆုံး ကစားသမားတွေဖြစ်နေတာမို့ ပဲလေ့စ်လို ကစားရခက်နိုင်မဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်မှာ အသုံးပြုလာသင့်ပါတယ်။ ဒါပေမဲ့လည်း ဒီပွဲမှာသာ အဝါကတ် ထိလိုက်မယ်ဆိုရင် အာဆင်နယ်နဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်လို့ နည်းပြတန်ဟက်ဂ်အတွက် ခေါင်းစားစရာ ဖြစ်လာနိုင်ပါတယ်။

Exit mobile version