မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်လို့နေရပြီး လတ်တလောမှာလည်း အသင်းရဲ့တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အန်တိုနီမာစီယဲလ်ပါ ခါးဒဏ်ရာရသွားခဲ့လို့ ဝက်ဘရွန်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေတဲ့အပြင် တခြားသော တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရပ်ဖိုဒ့်နဲ့ မေဆန်ဂရင်းဝုဒ်တို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးတာကြောင့် အက်ဒီဆင်ကာဗာနီကို ပွဲထုတ်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားမာစီယဲလ်ဟာ ကျောဒဏ်ရာခံစားနေရလို့ ပြင်သစ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်နိုင်ခြင်းမရှိပဲ တစ်ဦးတည်းသီးသန့်သာ လေ့ကျင့်ခန်းဆင်းခဲ့ရသလို မနေ့ညက ဆွီဒင်အသင်းနဲ့ ကစားခဲ့တဲ့ Nations League ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။ မာစီယဲလ်ရဲ့ ဒဏ်ရာအခြေအနေကို အတိအကျမသိရှိရသေးပေမယ့် ဝက်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

လက်ရှိ ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်လို့နေရပြီး တိုက်စစ်ပိုင်းမှာဆိုရင် နောက်ထပ်အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ရပ်ဖိုဒ့်ကလည်း ပခုံးဒဏ်ရာ ရရှိလို့နေပါတယ်။ ရပ်ဖိုဒ့်ကတော့ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပခုံးဒဏ်ရာ ရရှိခဲ့တာဖြစ်လို့ အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေပါ နုတ်ထွက်ထားခဲ့ရတာဖြစ်ပြီး အခုထိလည်း အပြည့်အဝ မသက်သာသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်မှာလည်း အဖျားဝေဒနာ ခံစားနေရတဲ့အတွက် ကြံခိုင်မှုမပြည့်မဝ ဖြစ်နေတဲ့အတွက် ဝက်ဘရွန်းအသင်းနဲ့ပွဲကို ပါဝင်ကစားဖို့က မသေမချာ ဖြစ်နေရပါတယ်။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ ဒီပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကစားသမားသစ် ကာဗာနီကို သေချာပေါက် ပွဲထုတ်လာရဖွယ်ရှိနေပြီး ကာဗာနီကလည်း ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာပဲ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရပြီး (၈)ပွဲကစားပြီးနောက်မှာ ရှုံးပွဲက (၃)ပွဲအထိ ရှိထားခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာအထိကို ရောက်ရှိလို့နေရပါတယ်။ လက်ရှိမှာလည်း အသင်းက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး လုခ်ရှော တဲလက်စ် ရပ်ဖိုဒ့် မာစီယဲလ် ဘိုင်လီတို့မှာ ဒဏ်ရာတွေ ရရှိလို့နေပါတယ်။