MySport Myanmar

အာဂျင်တီးနားကြယ်ပွင့် ကွင်းလယ်လူ အန်ဇိုကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေတဲ့ ယူနိုက်တက်

တောင်အမေရိက ဘောလုံးသမားကောင်းတွေကို မွေးထုတ်ပေးနေကြ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အာဂျင်တီးနား ထိပ်တန်းကလပ် ရေးဗားပလိတ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို မန်ချက်စတာစီးတီး ရီးယဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို အခုလည်း ကွင်းလယ်ပိုင်း ဖြည့်တင်းသွားဖို့ အခြေအနေတွေ ရှိနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကပါ အန်ဇိုကို မျက်စိကျလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

လာမယ့်နွေစျေးကွက်ထဲမှာ ပေါ့ဘာ မာတစ် မာတာတို့လို အသင်းရဲ့ ကွင်းလယ်ကစားသမားတွေကို လက်လွတ်သွားရဖွယ် ရှိလို့နေတဲ့ ယူနိုက်တက်အသင်းဟာ စျေးကွက်အတွင်း ကွင်းလယ်ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ်ဆာဗစ် လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ် မိုနာကို ကွင်းလယ်လူ ချူအာမန်နီနဲ့ ဝုလ်ဗ် ကွင်းလယ်လူ ရူဘင်နေးဗက်စ်တို့ကို ပစ်မှတ်ထားလျက် ရှိနေသလို အခုလည်း ရေးဗားပလိတ်ရဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုပါ မျက်စိကျလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်သာ ရှိသေးတဲ့ ကွင်းလယ်ဗဟို ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ဟာ ရေးဗားပလိတ် လူငယ်အသင်းဆီကို ၂၀၀၆ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရေးဗားပလိတ် စီနီယာအသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့ပါတယ်။ holding midfielder တစ်ဦးဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်ခံစစ်ပိုင်းကိုပါ ကစားတတ်သူဖြစ်တဲ့ အန်ဇိုကို ရေးဗားပလိတ်အသင်းဘက်က ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း သူရဲ့စာချုပ်လျော်ကြေးက ပေါင်(၂၀.၆)သန်းဝန်းကျင်သာ ရှိနေတာဖြစ်လို့ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ စျေးကွက်ဖွင့်ချိန်မှာ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနိုင်ပါတယ်။ အန်ဇိုကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ ယူနိုက်တက်အသင်းဟာလည်း ရေးဗားပလိတ်အသင်းနဲ့ ဖိုတယ်လယ်ဆာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Copa Libertadores ပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ခြေစွမ်းပိုင်းတွေကို လေ့လာစောင့်ကြည့်ဖို့အတွက် ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ပါ သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အန်ဇိုကို ခေါ်ယူနိုင်ဖို့အတွက် မြို့ခံပြိုင်ဘက် မန်စီးတီးအပြင် ရီးယဲလ်အသင်းတွေနဲ့ အပြိုင်ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version