မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့ရဲ့လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အသင်းမှာလည်း ဆယ်နှစ်နီးပါးလောက် ပါဝင်ကစားသွားခဲ့တဲ့ နောက်ခံကစားသမား ဂျွန်နီအီဗန်စ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ လက်စတာစီးတီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အံ့အားသင့်စဖွယ် စိတ်ဝင်စားလျက်ရှိနေပြီး နည်းပြဆိုးလ်ရှားကရော နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ဖီလန်ကပါ သူတို့ရဲ့ကစားသမားဟောင်းကို အသင်းနဲ့ ပြန်လည်ပူးပေါင်းစေလိုနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိ မြောက်အိုင်ယာလန်လက်ရွေးစင် နောက်ခံကစားသမား အီဗန်စ်ဟာ ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး စီနီယာအသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးခင်မှာ အန့်ဝပ်နဲ့ ဆန်းဒါလန်းအသင်းတွေဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီအရောက်မှသာ အီဗန်စ်ဟာ ယူနိုက်တက်စီနီယာအသင်းနဲ့ စတင်ကစားခွင့် ရခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံ (၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့သလို ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ လိဂ်ဖလားတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

အီဗန်စ်ဟာ ၂၀၁၅ခုနှစ်တော့ ယူနိုက်တက်ကနေ ဝက်ဘရွန်းအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီး ဝက်ဘရွန်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် တစ်နှစ်တာရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါသေးတယ်။ ဝက်ဘရွန်းအသင်းမှာ (၃)နှစ်ကြာ ပါဝင်ကစားခဲ့ပြီးနောက် အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တာကြောင့် လက်စတာစီးတီးအသင်းဆီ ထပ်မံပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အီဗန်စ်ဟာ လက်စတာအသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းအတွက် အမာခံကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့် သူရဲ့စာချုပ်သက်တမ်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်ဆောင်းစျေးကွက်ဖွင့်ချိန်မှာ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ အကြိုဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ အီဗန်စ်ကို ယူနိုက်တက်အသင်းကနေ အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အီဗန်စ်ကို အခြားသောကလပ်အသင်းတွေက ပစ်မှတ်ထားနေမှာဖြစ်လို့ ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ကမ်းလှမ်းလာရနိုင်ပါတယ်။