မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို အခုနှစ် နွေဈေးကွက်ထဲမှာ ရောင်းထုတ်သွားချင်ပေမယ့် ကစားသမားကို ဘယ်ကလပ်အသင်းကမှ ခေါ်ယူသွားချင်စိတ် မရှိတာကြောင့် ယူနိုက်တက်အနေနဲ့ မာစီယဲလ်ကို အသင်းမှာပဲ ဆက်လက်ထားရှိရနိုင်တဲ့အပြင် မာစီယဲလ်ကလည်း အသင်းမှာ နေရာတစ်နေရာ ပြန်လည်ရရှိနိုင်ဖို့အတွက် အထူးကြိုးပမ်းသွားရတော့မှာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အသက်(၂၆)နှစ်အရွယ် ပြင်သစ်တ်ိုက်စစ်ကစားသမား မာစီယဲလ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက မာစီယဲလ်ဟာ (၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဖြစ်နေပါတယ်။ ယူနိုက်တက် ကစားသမားဘဝအစမှာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ မာစီယဲလ်ဟာ နောက်ပိုင်းနှစ်တွေမှာ သူရဲ့ခြေစွမ်းပိုင်းက မတည်ငြိမ်တော့သလို ပွဲကစားခွင့်တွေပါ အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပြီး နောက်ဆုံးမှာတော့ ဆီဗီလာအသင်းဆီကိုပါ ရာသီဝက် အငှားချခဲ့ရပါတယ်။
Photo Credit : We All Follow United
ဆီဗီလာအသင်းမှာလည်း လောက်လောက်ငှာငှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ မာစီယဲလ်ကို ဆီဗီလာဘက်က အပြီးသတ်ခေါ်ယူခြင်း မရှိခဲ့ပဲ သူရဲ့မူရင်းကလပ် ယူနိုက်တက်အသင်းဆီကိုသာ ပြန်လည်ပို့ဆောင်ခဲ့သလို အသင်းဆီ ပြန်ရောက်လာတော့မယ့် မာစီယဲလ်ကိုလည်း ယူနိုက်တက်က အပြီးသတ် ရှင်းထုတ်သွားဖို့ ဆန္ဒရှိနေတာကြောင့် အရောင်းစာရင်း တင်ထားခဲ့ပေမယ့် လက်ရှိအချိန်ထိ ဘယ်အသင်းကမှ စိတ်ဝင်စားတဲ့ အရိပ်အယောင်မျိုး မပြသပေးပဲ ဖြစ်နေပါတယ်။ မာစီယဲလ်ဟာ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရမှု ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ သူရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုတွေကြောင့် သူ့ကို ခေါ်ယူဖို့ လက်ရှောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ မာစီယဲလ်ရဲ့ လုပ်ခလစာကြောင့်ပဲ ဘာစီလိုနာ ဂျုဗင်တပ်စ် တော့တင်ဟမ်ဟော့စပါး နယူးကာဆယ်အသင်းတွေက လက်လျှော့သွားခဲ့ရပါတယ်။ မာစီယဲလ်ဟာ ယူနိုက်တက်မှာ တစ်ပတ်ကို ပေါင်(၂၄၀၀၀၀)ထိကို ရရှိနေတာဖြစ်ပြီး သူရဲ့လက်ရှိစာချုပ်ကလည်း ၂၀၂၄ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် အသင်းမပြောင်းဖြစ်ရင် အသင်းနဲ့ pre-season tours တွေ လိုက်ပါရဖွယ်ရှိပြီး အဲ့ဒီခြေစွမ်းပွဲတွေနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ နည်းပြတန်ဟက်ဂ် သဘောကျသွားအောင် အသေအချာ ကြိုးစားပြရတော့မှာ ဖြစ်ပါတယ်။