မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက စိန့်မေရီကွင်းမှာ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ အိမ်ရှင်ဆောက်သမ်တန်အသင်းကို နောက်ကနေ လိုက်ကစားရင်းနဲ့ တစ်ဖက်တစ်ဂိုးစီသာ သရေကျအောင် ကစားနိုင်ခဲ့ပြီး ရမှတ်(၂)မှတ် ဆုံးရှုံးခဲ့ရပေမယ့်လည်း သူတို့အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်း ရှုံးပွဲမရှိတဲ့ ပွဲအရေအတွက်ကတော့ (၂၇)ပွဲအထိကို ရှိလာခဲ့တာကြောင့် ၂၀၀၄ခုနှစ်တုန်းက အာဆင်နယ်အသင်း ပိုင်ဆိုင်နိုင်ခဲ့တဲ့ အဝေးကွင်းရှုံးပွဲမရှိ စံချိန်ဟောင်းကိုပါ လိုက်မီနိုင်ခဲ့ရပါတယ်။

Photo Credit : talkSPORT

Super Sunday ည အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်ဆောက်သမ်တန်က ပထမပိုင်း ပွဲကစားချိန်မှာပဲ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပြီး ဧည်သည်ယူနိုက်တက်ကတော့ ဒုတိယပိုင်း ပြန်လည်စတင်လို့ ဆယ်မိနစ်အကြာမှာပဲ လူငယ်တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ရဲ့ ချေပဂိုးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ဘယ်အသင်းကမှ သွင်းဂိုးတွေ မသွင်းယူနိုင်တော့ပဲ တစ်ဂိုးစီသရေနဲ့သာ ပွဲကို အဆုံးသတ်လိုက်ရပါတယ်။

Photo Credit : talkSPORT

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တာထွက်လှခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ဒုတိယမြောက်ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ပျောက်ဆုံးခဲ့ပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပေမယ့် သူတို့အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်းရှုံးပွဲမရှိတဲ့ စံချိန်မှတ်တမ်းကောင်းကတော့ ဆက်လက်ရှိနေသေးတဲ့အပြင် ၂၀၀၄ခုနှစ်ကတည်းက အာဆင်နယ်အသင်း တင်ရှိထားခဲ့ဖူးတဲ့ (၂၇)ပွဲဆက်တိုက် အဝေးကွင်းရှံးပွဲမရှိ စံချိန်ဟောင်းကိုပါ လိုက်မီသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လိဒ်စ်ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်းမှာ တစ်ဦးတည်း ဂိုးဖန်တီးမှု (၄)ကြိမ်အထိကို ပြုလုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာမှာလည်း ဆောက်သမ်တန်နဲ့ ပွဲစဉ်အတွင်း ဂရင်းဝုဒ်ရဲ့ ချေပဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ (၂)ပွဲကစား (၅)ဂိုးအထိကို ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်နဲ့ပွဲစဉ်မှာရော ဆောက်သမ်တန်နဲ့ ပွဲစဉ်အတွင်းမှာပါ အသစ်ခေါ်ယူထားတဲ့ ဆန်ချိုကို ပွဲထွက်ကစားသမားအဖြစ် မသုံးစွဲခဲ့ပဲ အရန်စာရင်းမှာသာ ထည့်သွင်းထားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကိုတော့ ယူနိုက်တက်ပရိသတ်တွေ အတော်လေးကို စိတ်ပျက်ခဲ့ရပါတယ်။