ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)ရဲ့နောက်ဆုံးသောပွဲစဉ်ကို ဒီနေ့ တနင်းလာနေ့ည (၁)နာရီခွဲအချိန်မှာ ကစားသွားခဲ့ပြီး ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ အထူးကောင်းမွန်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အမှတ်မလိုအပ်တော့ပေမယ့်လည်း Form ကောင်းလို့နေတဲ့ ဆောက်သမ်တန်အသင်းတို့ ရင်ဆိုင်ကစားခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ယူနိုက်တက်အသင်းကတော့ နောက်ဆုံး(၅)ပွဲဆက်လောက် ဆက်တိုက်သုံးစွဲနေတဲ့ ရပ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ် ဖာနန်ဒက်ဇ် ပေါ့ဘာ မာတစ် ဝမ်ဘစ်ဆာခါ လင်ဒီလော့ မက်ဂွိုင်းယား လုခ်ရှော ဒီဂီယာတို့ကိုပဲ ဆက်လက်သုံးစွဲလာခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဘက်မှာလည်း ဒန်နီအင့်စ် ချီအဒမ် ရက်ဒ်မွန် ရိုမီယူ ဝက်စ်ပရောက်စ် အမ်းစထရောင်း ဘာထရန် ဘက်ဒ်တနာရက် စတီဖန်စ် ဝေါ်ကာပီတာစ်နဲ့ မက္ကာသီပါဝင်လာခဲ့ပါတယ်။ ပွဲအစ(၁၂)မိနစ်လောက်မှာပဲ ယူနိုက်တက်ခံစစ်ပိုင်း အမှားတချက်ကနေ ယူနိုက်တက်နဲ့တွေ့တိုင်း ဂိုးစသွင်းလေ့ရှိတဲ့ ဆောက်သမ်တန်က သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့ကာ အမ်းစထရောင်းကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကလည်း သူတို့ရဲ့ ရပ်တန့်လို့မရတဲ့ တိုက်စစ်ပိုင်း အားကောင်းမှုကို ပြန်လည်ပြသခဲ့ပြီး မိနစ်(၂၀)နဲ့ (၂၃)မိနစ်တွေမှာ ရပ်ဖိုဒ့်နဲ့ မာစီယဲလ်တို့က သွင်းဂိုးတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အိမ်ရှင်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုကို အသာရထားခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ပြသလို့နေတဲ့ ပုံစံကောင်းတစ်ခု ဆက်ထိန်းထားနိုင်ခဲ့တဲ့ ဆောက်သမ်တန်ကလည်း သွင်းဂိုးတွေ ပြန်လည်ရယူနိုင်အောင် ယူနိုက်တက်ဘက်ကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းနှစ်သင်းလုံးက ဒီလူစာရင်းတွေကိုပဲ ပွဲဆက်များစွာ အသုံးပြုထားခဲ့တာကြောင့် ကစားသမားတွေ ပွဲပန်းမှုဒဏ်ကို ခံစားနေရပြီး ဒုတိယပိုင်းမှာ လုပ်အားနှုန်းတွေ အနည်းငယ် ကျဆင်းလာခဲ့ရပါတယ်။ ပွဲပြီးခါနီး (၈၅)မိနစ်မှာတော့ ရက်ဒ်မွန်ရဲ့ဂိုးဝင်သွားနိုင်လောက်တဲ့ကန်ချက်ကို ဒီဂီယာက လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ လူစားဝင် ကစားသမား အိုဘာဖီမီက ဆောက်သမ်တန်အတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။