မန်ချက်စတာယူနိုက်တက်အသင်းက ဒီနှစ်ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် အသုံးစရိတ်များစွာ သုံးစွဲထားခဲ့ရတဲ့အပြင် လာမယ့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ ထပ်မံ ခေါ်ယူသွားမယ့် ကစားသမားတွေကို ချိန်ရွယ်ထားလျက် ရှိနေရာ ၂၀၂၃ခုနှစ် နှစ်သစ်ရဲ့ အဖွင့်ဈေးကွက်မှာတော့ အသင်းရဲ့ ပစ်မှတ်ဟောင်း ကစားသမားဖြစ်သူ ကိုဒီဂက်ပိုကို အသေအချာ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

Photo Credit : Football London

ယူနိုက်တက်အသင်းဟာ နွေဈေးကွက်ထဲမှာ အသင်းရဲ့တောင်ပံတိုက်စစ်နေရာအတွက် အိုင်းယတ်စ်က အန်တိုနီနဲ့ PSV က ဂက်ပိုတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဘရာဇီးလ် winger အန်တိုနီကို ယူရိုသန်းတစ်ရာနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က နယ်သာလန်ကြယ်ပွင့် ကစားသမားလေး ဂက်ပိုကို ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး (၂၃)နှစ်အရွယ် တောင်ပံကစားသမားဟာလည်း ဒီနှစ်ရာသီအတွင်းမှာ PSV အသင်းအတွက် အထူး ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၃)ပွဲ ကစားပြီးတဲ့နောက် သွင်းဂိုး (၁၀)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ညာခြေအားသန်တဲ့ ဘယ်တောင်ပံကစားသမား ဂက်ပိုဟာ PSV အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် နယ်သာလန် ကစားသမားတစ်ဦးဖြစ်ပြီး ပြေးအားရော အလိမ်အခေါက်ရော ကောင်းမွန်တဲ့အပြင် ဘယ်ခြမ်းကနေ ဘောလုံးကို ကွင်းလယ်တိုက်စစ် နေရာလောက်အထိ ဆွဲယူလာတတ်ပြီး ဂိုးတွေကို လှမ်းလှမ်း သွင်းယူတတ်တာလည်း ဖြစ်ပါတယ်။ ဒီ talentd-winger ကို ပြီးခဲ့တဲ့နွေက ယူနိုက်တက်သာမကပဲ လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတွေကပါ ခေါ်ယူကြဖို့ အပြိုင်အဆိုင်တွေ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ကစားသမားကိုယ်တိုင်က သူရဲ့ boyhood ကလပ်မှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိမှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ နယ်သာလန်ရဲ့ ဂိုးအများဆုံး သွင်းယူထားသူနဲ့ ဂိုးဖန်တီးမှု အများဆုံး လုပ်ဆောင်ထားသူအဖြစ်ပါ ရပ်တည်နေသလို သူရဲ့ PSV အသင်းကိုလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင်ပါ စွမ်းဆောင်ထားပါတယ်။ ဒါ့အပြင် ဂက်ပိုက နယ်သာလန်လက်ရွေးစင်အသင်းမှာပါ တောက်ပနေလို့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ နယ်သာလန်အတွက် ထပ်မံ တောက်ပနိုင်ဖွယ်လည်း ရှိနေတဲ့အတွက် ဒီကစားသမားကို ယူနိုက်တက်က ဆောင်းဈေးကွက်မှာ ထပ်မံ ချဉ်းကပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အသင်းတော်တော်များများကလည်း ဂက်ပိုကို ကမ်းလှမ်းဖို့ ရှိနိုင်ပေမယ့် ဂက်ပိုနဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်တို့က အေးဂျင့် အတူတူဖြစ်လို့ ကစားသမားနဲ့ ယူနိုက်တက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနိုင်နေပါတယ်။