နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားမယ်ဆိုရင် ဒေါ့မွန် လူငယ် တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေလျက် ရှိပါတယ်လို့ DailyMail သတင်းက ဖော်ပြသွားပါတယ်။ မန်ယူအသင်းဟာ ယနေ့ည (၁၂း၂၅) အချိန်မှာ ဘရူဂေးအသင်းနဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ရမှတ် (၃၈) မှတ်နဲ့ အဆင့် (၇) နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: DailyMail

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၃) မှတ်သာ ကွာဟနေတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအဆင့် (၄) နေရာအတွင်း ဝင်နိုင်ချေ ရှိနေသေးတာ ဖြစ်ပါတယ်။ တကယ်လို့ မန်စီးတီးအသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့် မရဖို့ သေချာသွားပြီ ဆိုရင် မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပိုမို နီးစပ်သွားပြီး ချန်ပီယံလိဂ်သာ ဝင်ခွင့် ရမယ်ဆိုရင် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်သွားမှာ ဖြစ်ပါတယ်။

Photo Credit: DailyMail

Sky Sports သတင်း နဲ့ DailyMail သတင်းက မန်ယူအသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့် ရမယ်ဆိုရင် ဆန်ချိုကို ခေါ်နိုင်ဖို့ ဖြစ်နိုင်ချေ အလွန် များတယ်လို့ ယုံကြည်နေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပြီးသား ဖြစ်ပြီး ရောင်းချသွားမယ်ဆိုရင် ပေါင် သန်း (၁၂၀) တောင်းဆိုနိုင်ချေ ရှိပြီး မန်ယူ၊ ချဲလ်ဆီး နဲ့ လီဗာပူးလ်တို့က စိတ်ဝင်စားနေကြပါတယ်။