ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တို့ကို အနိုင်ယူခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားရဲ့ အနာဂတ်က ပြန်လည်လင်းလက်လာခဲ့ရပေမယ့် အာဆင်နယ်အသင်းကို အိုးထရက်ဖိုဒ့်ကွင်းထဲမှာ အရေးနိမ့်လိုက်ရတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း(၄)ပွဲကစားထားပြီးနောက် လုံးဝကို နိုင်ပွဲမရှိသေးပဲ (၃)ပွဲအထိကို ရှုံးနိမ့်ထားရပြီး အမှတ်ပေးဇယားမှာလည်း အဆင့်(၁၅)နေရာကိုအထိကို ရောက်ရှိလို့နေရပါတယ်။

Photo Credit : Daily Express

ဒီလို အသင်းရဲ့အနေအထားတွေ ရလဒ်တွေ သိပ်မကောင်းမွန်ရခြင်းနဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့ပတ်သက်သူအားလုံးမှာ တာဝန်ရှိနေသလို အသင်းကို အအကောင်းဆုံးပဲ့ကိုင်နိုင်ခြင်းမရှိတဲ့ နည်းပြဆိုးလ်ရှားဆီမှာ တာဝန်ရှိနေတာ အမှန်ပါပဲ။ ဆိုးလ်ရှားက ကစားသမားတွေကို အကောင်းဆုံးထိန်းကြောင်းနိုင်သူဖြစ်ပေမယ့် နည်းစနစ်ပိုင်း ကျွမ်းကျင်လှတဲ့ နည်းပြမျိုးမဟုတ်သလို အသင်းသားတွေကို မှန်မှန်ကန်ကန် နေရာချမှု အသင်းရဲ့ကစားကွက်ကို အခိုင်အမာ မတည်ဆောက်နိုင်မှု ပွဲစဉ်အများစုမှာ အသင်းသားတွေကို ကွင်းဘေးစည်းကနေ ညွှန်ကြားခြင်းသိပ်မရှိမှုတွေကြောင့် ပရိသတ်များစွာကနေ ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြရာထူးကနေ ဆက်လက်မမြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။

Photo Credit : Daily Mirror

လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေကပါ နည်းပြဆိုးလ်ရှားရဲ့ ကိုင်တွယ်မှုတွေကို အားမရဖြစ်နေပြီး လာမယ့်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ ထပ်မံကြုံတွေ့ရမယ်ဆိုရင် ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်တစ်ဦးနဲ့ အစားထိုးသွားဖွယ် သိရသလို လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ လက်ရှိအချိန်မှာ ဖိအားဒဏ်တွေကို အလူးအလဲ ခံနေရမှာ သေချာနေပြီး ဒီနေ့ညမှာ ကစားသွားရမယ့် ဘာရှက်ဆီဟီနဲ့ ချန်ပီယံလိဂ်ပွဲနဲ့ အဲဗာတန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်မတိမ်းစောင်းရအောင် သတိထားရတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ရဲ့ထင်မြင်ချက်တစ်ခုကိုပါ ထည့်သွင်းဖော်ပြသွားချင်ပါတယ်။ ဆိုးလ်ရှားလို မိုလ်ဒီ ကာဒစ် ယူနိုက်တက်လူငယ်အသင်းတွေလောက်ကိုပဲ နည်းပြထားခဲ့ဖူးပြီး နည်းပြအတွေ့အကြုံ သိပ်မရှိသေးသလို အောင်မြင်မှုတွေလည်း သိပ်မယူထားနိုင်တဲ့ နည်းပြတစ်ယောက်က ယူနိုက်တက်အသင်းနဲ့ ရေရှည်လက်တွဲနိုင်ဖို့ ဒါမှမဟုတ် ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်နိုင်ဖို့ဆိုတာ အတော်လေးခက်ခဲပါလိမ့်မယ်။ ဒါကြောင့် အသင်းနဲ့လမ်းခွဲဖို့ မဖြစ်မနေ လိုအပ်လာချိန်မှာတော့ ဆိုးလ်ရှားနဲ့ လက်တွဲဖြုတ်ပြီး ပိုချက်တီနို အယ်လီဂရီတို့လို အတွေ့အကြုံရှိ နည်းပြတစ်ဦးဦးနဲ့ ပြန်လည်အစားထိုးသင့်တယ်လို့ ထင်မိပါတယ်။