မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ကို ရာသီကုန် အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် အငှားတန်ကြေး အပါအဝင် ကစားသမားရဲ့ လစာတွေ အားလုံးအတွက် ပေါင်(၁၆)သန်းလောက်အထိ သုံးစွဲရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ဟာ အသက်လက်တီကိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း လက်ရှိ ဘောလုံးရာသီမှာ နည်းပြဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ရှိနေသလို အသင်းမှာလည်း မပျော်ရွှင်တော့တာကြောင့် လာမယ့် ဈေးကွက်ထဲမှာ အသင်းနဲ့ လမ်းခွဲချင်နေပြီး အသင်းကလည်း သူ့ကို လက်လွတ်သွားချင်နေပါတယ်။ ဒီလို အနာဂတ် အလှုပ်အခတ် ရှိနေရတဲ့ ဖေးလစ်ကိုလည်း ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ ယူနိုက်တက် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Manchester United News

ဖေးလစ်ကို ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်ကတည်းက အတော်လေး စိတ်ဝင်တစားရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးတွေ သုံးစွဲရခြင်းထက် အငှားစာချုပ်နဲ့သာ ခေါ်ယူနိုင်မယ့် အနေအထားမျိုး ဖြစ်နေတာမို့ ဖေးလစ်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်လက်တီကိုဘက်က သူတို့ကစားသမားအတွက် ရာသီကုန် အငှားချပေးဖို့အတွက် အငှားခေါ်ယူခွင့် ပေါင်(၈)သန်း အလိုရှိနေတဲ့အပြင် ဖေးလစ်ရဲ့ လစာကိုပါ အငှားနဲ့ခေါ်ယူတဲ့ အသင်းဘက်ကနေ ပေးချေသွားဖို့ပါ ဆန္ဒရှိတာကြောင့် ဖေးလစ်ရဲ့ အငှားခေါ်ယူခွင့်က စုစုပေါင်း ပေါင်(၁၆)သန်းလောက်အထိ ဖြစ်လာရဖွယ် ရှိနေပါတယ်။ ဒီပမာဏကိုတော့ ယူနိုက်တက်အသင်းဘက်က ပေးချေသွားဖို့ လုံးဝ ဆန္ဒမရှိတာကြောင့် တခြားသော တိုက်စစ်ကစားသမားအဖြစ် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ မန်ဖစ်ဒီပိုင်းကိုသာ အငှားနဲ့ ခေါ်ယူဖို့အတွက် စဉ်းစားလာခဲ့ပါတယ်။ ဒီပိုင်းဟာ လာမယ့်နှစ် နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးရတော့မှာဖြစ်လို့ ယူနိုက်တက်ဟာ ဒီပိုင်းကို ရာသီကုန်အထိ အငှားခေါ်ယူပြီး အငှားသက်တမ်း ပြည့်မြောက်ချိန်မှ အပြီးသတ် ခေါ်ယူမယူဆိုတာကို ဆက်လက် ဆုံးဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။