မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် လပိုင်းအတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒေးဗစ်ဒီဂီယာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်လည်း တကယ်လို့များ သက်တမ်းမတိုးနိုင်ခဲ့ရင်တော့ အဲဗာတန်အသင်းရဲ့ အင်္ဂလန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကိုသာ ဦးစားပေး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Man Utd agreed swap deal to replace David De Gea as uncertainty lingers |  Flipboard

Photo Credit : Flipboard

ယူနိုက်တက်ရဲ့ ဝါရင့် ဂိုးသမား ဒီဂီယာဟာ နောက်ပိုင်းပွဲစဉ်တွေ အမှားအယွင်းတွေ များစွာ ရှိခဲ့ပေမယ့်လည်း အသင်းဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေဆဲသာ ဖြစ်သလို ဒီဂီယာကိုယ်တိုင်ကလည်း လက်ရှိ သူရဲ့လုပ်ခလစာကို လျှော့ယူပြီး အသင်းနဲ့ သက်တမ်းတိုးမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီဂီယာက အသင်းနဲ့ သက်တမ်းတိုးမယ် ဆိုရင်တောင် ယူနိုက်တက်ဘက်ကတော့ ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေပြီး ဒီလိုသာ ခေါ်ယူခဲ့မယ်ဆိုရင် ဒီဂီယာအနေနဲ့ ပွဲထွက် ကစားခွင့်အတွက်ပါ အပြိုင်အဆိုင် ဖြစ်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

တကယ်လို့ ဒီဂီယာဘက်က ယူနိုက်တက်နဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့မယ် ဒါမှမဟုတ် သက်တမ်းတိုးမယ့် ကိစ္စက အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အဲဗာတန်ရဲ့ ပင်တိုင် ဂိုးသမား ပစ်ဖို့ဒ်ကို ဦးစားပေး ပစ်မှတ်ထားလာနိုင်တယ်လို့ Daily Mirror ကနေ ဖော်ပြလာပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ပစ်ဖို့ဒ်ဟာ ဆန်းဒါးလန်း လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၇ခုနှစ်ကမှ အဲဗာတန်အသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အဲဗာတန်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားတဲ့ ပစ်ဖို့ဒ်ဟာ သူရဲ့လက်စွမ်းပိုင်းတွေကြောင့် ခုလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားသည့်တိုင် သူ့ကို အသင်းကြီးတွေက ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး အဲ့ဒီထဲမှာ ယူနိုက်တက်လည်း အပါအဝင် ဖြစ်နေပါတယ်။

အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀၀)ကျော် ကစားထားပြီး ဒီရာသီမှာလည်း clean sheets (၇)ပွဲ ရယူထားနိုင်တဲ့ ပစ်ဖို့ဒ်ကို ယူနိုက်တက် ချယ်လ်ဆီး နဲ့ စပါးတို့က အလိုရှိနေပေမယ့်လည်း မကြာသေးခင်ကမှ အဲဗာတန်နဲ့ စာချုပ်သစ် ချုပ်ဆိုထားမှုကြောင့် ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး တကယ်လို့များ အဲဗာတန်သာ တန်းဆင်းသွားခဲ့ရမယ် ဆိုရင်တော့ ပစ်ဖို့ဒ်လည်း အသင်းနဲ့ လက်တွဲဖြုတ်နိုင်ခြေ ရှိလာနိုင်ပါတယ်။