ပြီးခဲ့တဲ့တစ်ပတ်က ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနေ့မှာတော့ တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နရပြီး ပထမအကျော့မှာ သူတို့အသင်းကို အနိုင်ယူထားခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အဖြစ် အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ရပြီး ၃ဂိုး ဂိုးမရှိနဲ့ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ယူနိုက်တက်အသင်းမှာ မာစီယဲလ် ဂရင်းဝုဒ် ဒင်နီရယ်ဂျိမ်းစ် မာတစ် ဖာနန်ဒက်စ် ဖရက်ဒ် ဝမ်ဘစ်ဆာခါ မက်ဂွိုင်းယား လင်ဒီလော့ လုခ်ရှော ဒီဂီယာတို့ ပါဝင်လာခဲ့ပြီး အီဂါလိုကတော့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့ပဲ ပါဝင်လာခဲ့ရပါတယ်။ အဆင့်၁၉နေရာမှာ ရောက်ရှိနေတဲ့ ဝက်ဖိုဒ့်ကလည်း ယူနိုက်တက်အသင်းဆီကနေ ရမှတ်ခွဲယူနိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပြီး အမာခံကစားသမား အစုံအလင် အသုံးပြုလာခဲ့ပါတယ်။ ယူနိုက်တက်က ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားခဲ့ပေမယ့်လည်း ကွင်းလယ်နဲ့တိုက်စစ်ပိုင်း ချိတ်ဆက်မှုတွေမှာတော့ အားနည်းချက်တွေ ရှိခဲ့လို့ သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရသလို ဝက်ဖိုဒ့်ရဲ့ မထင်မှတ်ထားတဲ့ တိုက်စစ်ဆင်မှုတွေကလည်း ယူနိုက်တက်ခံစစ်အတွက် အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ပထမပိုင်းပြီးခါနီးမှာ ယူနိုက်တက်ပင်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကပဲ သူ့ကြောင့်ရတဲ့ ပသ်နယ်တီကို သူကိုယ်တိုင်ပဲ အဆုံးသတ်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ယူနိုက်တက်အထလေးနေတာကို အခွင့်ကောင်းယူပြီး ဝက်ဖိုဒ့်တို့ ချေပဂိုးသွင်းဖို့ ကြိုးစားလာခဲ့ရာ ၅၃မိနစ်မှာပဲ ဒီနေးက ချေပဂိုးရယူနိုင်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးရမှာတော့ လက်ထိဘောဖြစ်နေတာကြောင့် ပယ်ဖျက်သွားခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်းရဲ့အလွှမ်းမိုးဆုံး ပွဲကစားချိန်တွေဖြစ်လာခဲ့ပြီး မာစီယဲလ်က လှပတဲ့ကန်ချက်နဲ့ ဒုတိယဂိုးကို သွင်းယူခဲ့သလို ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ အတွဲအဖက်ကနေလည်း ဂရင်းဝုဒ်က ပွဲသိမ်းဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကာ ဝက်ဖိုဒ့်ကို ရှုံးကြွေးဆပ်ခဲ့ပါတယ်။