ဒီကနေ့ Super Sunday ရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဥ(၂၉)ကို ယူနိုက်တက်ရဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပခဲ့ပြီး မန်ချက်စတာဒါဘီပွဲတွေရဲ့ထုံးစံအတိုင်း အတော်လေးကို အကြိတ်အနယ်ရှိခဲ့ကာ အိမ်ရှင်ယူနိုက်တက်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒီပွဲမှာ အိမ်ရှင်ယူနိုက်တက်အသင်းက ၃-၄-၁-၂ ကစားကွက်ပုံစံကို ခင်းကျင်းလာခဲ့ပြီး မာစီယဲလ် ဒင်နီရယ်ဂျိမ်းစ် ဖာနန်ဒက်စ် မာတစ် ဝစ်ဘစ်ဆာခါ ဖရက်ဒ် ဝီလီယံစ် လုခ်ရှော မက်ဂွိုင်းယား လင်ဒီလော့ ဒီဂီယာတို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်မန်စီးတီးအသင်းကတော့ ၄-၃-၃ ကစားကွက်နဲ့အတူ စတာလင် အဂူရို ဖိုဒန် ဂန်ဒိုဂန် ရိုဒရီ ဘာနာဒိုဆေးဗာ ဇင်ချန်ကို ဖာနန်ဒင်ဟို အော်တာမန်ဒီ ကန်ဆယ်လိုနဲ့ အီဒါဆန်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ပထမပိုင်းအစလောက်မှာ မန်စီးတီးအသင်းက ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပြီး စတာလင်းကန်ချက်ကိုလည်း ဒီဂီယာကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာသာ အသာရလို့နေပြီး တိုက်စစ်ဆင်မှုတွေက မထိရောက်ခဲ့ပဲ ကောင်တာတွေနဲ့ ရိုးရိုးရှင်းရှင်း ကစားလို့နေတဲ့ အိမ်ရှင်ရဲ့ကစားပုံကတောင် ပိုကောင်းလို့နေကာ ပထမအကျော့မှာကတည်းက ခြေစွမ်းပြခဲ့သူ ဘစ်ဆာခါမှာလည်း ပိုလို့တောင် တောက်ပလာနိုင်ခဲ့ပါတယ်။ ဒီလိုထိုးဖောက်နေရင်းနဲ့ မိိနစ်၃၀မှာ ယူနိုုက်တက်ဂိုးစတင်ပိုင်ဆိုင်ခဲ့ပြီး ဖရီးကစ်ကနေ ဖာနန်ဒက်စ် အသာအယာ မတင်ပေးလိုက်တာကို မာစီယဲလ်က ချိန်သားကိုက်ကန်သွင်းခဲ့ပြီး အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းစတင်ပြီး သိပ်မကြာခင်မှာပဲ အဂူရိုက မန်စီးတီးအတွက် ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သလို VAR မှာလည်း အနည်းငယ်လူကျွံနေတယ်လို့ ပြသထားတာကြောင့် သွင်းဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် မရှေးမနှောင်းမှာပဲ မန်စီးတီးနောက်ခံလူတွေနဲ့ ဂိုးသမားအမှားကြောင့် မာစီယဲလ်သွင်းဂိုးထပ်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ မိနစ်၆၀လောက်မှာတော့ ချေပဂိုးတွေပြန်ရဖို့အတွက် မန်စီးတီးက ဂျေဆူးနဲ့မာရက်ဇ််တို့ကို အဂူရိုနဲ့ဘာနာဒိုဆေးဗားတို့နေရာမှာ ထည့်သွင်းလာခဲ့ပါတယ်။ ဒီကစားသမားတွေ ပါဝင်လာလို့ မန်စီးတီးက တိုက်စစ်အရှိန်မြင့်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ကလည်း တချက်တချက် တန်ပြန်ထိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ယူနိုက်တက်ရဲ့ထိုးဖောက်မှုတွေကတောင် ပိုထိရောက်ခဲ့ပါတယ်။ ရ၈မိနစ်မှာတော့ ယူနိုက်တက်က အနိုင်ရလဒ်ကို ထိန်းချုပ်ဖို့ ဘိုင်လီနဲ့ တွမ်မီနေးတို့ကို ထည့်သွင်းလာခဲ့ပြီး မန်စီးတီးတိုက်စစ်ကို ပွဲချိန်ပြည့်တောင်ခံခဲ့ကာ ပွဲပြီးဆုံးခါနီးမှာတော့ မန်စီးတီးရဲ့တစ်သင်းလုံးဖိအားပေးမှုကနေ ဂိုးသမားတတ်လာတာကို အခွင့်အကောင်းယူပြီး တွမ်မီနေးက ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။