ဒီကနေ့ည ၁၂နာရီခွဲအချိန်မှာတော့ ယူရိုပါလိဂ်ရဲ့ (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်များထဲကမှ ပွဲစဉ်(၃)ပွဲကို တပြိုင်နက်တည်း ကျင်းပကစားစေခဲ့ပြီး ဒီပွဲတွေထဲကမှ သြစတြီးယားမြေမှာ ကွင်းပိတ်ကစားခဲ့ရတဲ့ LASK အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းကပဲ တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်းအတွင်းမှာ အီဂါလို မာတာ ဒင်နီရယ်ဂျိမ်းစ် တွမ်မီနေး ဖရက်ဒ် ဖာနန်ဒက်စ် ဝီလီယံစ် လုခ်ရှော ဘိုင်လီ မက်ဂွိုင်းယားနဲ့ ရိုမဲလ်ရိုးတို့ ပါဝင်ကစားခဲ့ပါတယ်။ ကွင်းလယ်လူမာတာက ဒီပွဲမှာ ညာတောင်ပံနေရာမှာ ဝင်ရောက်ကစားခဲ့သလို ဘယ်နောက်ခံလူလေး ဝီလီယံစ်ကလည်း ညာနောက်ခံလူနေရာမှာ ပါဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက်က LASK အသင်းကို ပထမပိုင်းမှာကတည်းက အသာစီးရယူကစားထားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများစွာ ပြုလုပ်နိုင်ခဲ့ပြီး ၂၈မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေတစ်ဆင့် တိုက်စစ်မှူးအီဂါလိုက ဘောလုံးကိုအကောင်းဆုံးသယ်ဆောင်ပြီး ဘယ်ခြေနဲ့ အဖွင့်ဂိုးကို စတင်ကန်သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပွဲချိန်တွေအတွင်းမှာလည်း ယူနိုက်တက်အသင်းကပဲ ဆက်လက်ဖိအားပေးခဲ့ရာကနေ ၅၈မိနစ်မှာတော့ တောင်ပံကစားသမား ဒင်နီရယ်ဂျိမ်းစ်က အသင်းအတွက် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် သွင်းဂိုးမယူနိုင်တာ လအတန်ကြာပြီဖြစ်ကာ အခုမှသာ ဂိုးပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၈၂မိနစ်မှာတော့ ကွင်းလယ်လူဖရက်ဒ်ရဲ့ အကွက်မြင်လှတဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် မာတာက ယူနိုက်တက်အတွက် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာလည်း လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က ယူနိုက်တက်အတွက် သွင်းဂိုးတွေဆက်တိုက်သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။