ဒီနေ့ညမှာတော့ အက်အေဖလား ပဥ္စမအဆင့်ရှံးထွက်ပွဲစဉ်တွေရဲ့နောက်ဆုံးသောပွဲစဉ်အဖြစ် လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်တဲ့ ဒါဘီကောင်တီနဲ့ အက်အေဖလား ချန်ပီယံဟောင်းလည်းဖြစ် နာမည်ကြီး ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းလည်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဒါဘီရဲ့အိမ်ကွင်း Pride Park မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ယူနိုက်တက်အသင်းက ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်ရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝိန်းရူနီ ဦးဆောင်လာခဲ့တဲ့ ဒါဘီအသင်းမှာ နောက်ထပ်ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ တွမ်လော်ရန့်အပြင် အခြားသော အသင်းရဲ့အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အဓိက ကစားသမားတွေကို အနားပေးထားခဲ့ပြီး အီဂါလို လင်ဂတ် မာတာ ဖာနန်ဒက်စ် တွမ်မီနေး ဖရက်ဒ် လင်ဒီလော့ ဘိုင်လီ ရှော ဒါလော့ ရိုမဲလ်ရိုးတို့ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်မှာ အိမ်ရှင်ဒါဘီက ယူနိုက်တက်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီး ကစားသမားဟောင်းရူနီဆိုရင်လည်း ဖရီးကစ်ကနေတောင် ဂိုးရဖို့ အတော်လေးနီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်က ပြန်လည်ဖိအားပေးလာခဲ့ကာ ၃၃မိနစ်မှာ လုခ်ရှောရဲ့မြေထောင့်ကန်ချက်နဲ့ အဖွင့်ဂိုးရခဲဲ့ပြီး ၄၁မိနစ်မှာလည်း လုခ်ရှောရဲ့ပေးပို့မှုကနေ အီဂါလိုက ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ဒါဘီကပဲ ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် မိနစ်အနည်းငယ်ကြာလာတော့ ယူနိုက်တက်ကပဲ ပွဲကိုတဖန်ထိန်းချုပ်လာနိုင်ခဲ့ကာ မိနစ်ရ၀မှာ အီဂါလိုကပဲ အသင်းအတွက် တတိယမြောက်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ၃ဂိုးပြတ်နိုင်နေချိန်မှာ ယူနိုက်တက်ဘက်ကနေ မာစီယဲလ် ပါရဲရားတို့ ထည့်သွင်းလာခဲ့သေးတာကြောင့် အသင်းတိုက်စစ်က အရှိန်မသေသွားခဲ့ပဲ ဆက်လက်ဖိအားပေးခဲ့ပေမယ့် သွင်းဂိုးတော့ ထပ်မရတော့ပါဘူး။ ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် အက်အေဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိသွားပြီဖြစ်ပြီး နော်ဝစ်ချ်အသင်းနဲ့ ဆုံတွေ့ရတော့မှာပဲဖြစ်ပါတယ်။