ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မဖြစ်မနေ လိုအပ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာတော့ သူတို့အသင်းကို ပထမအကျော့ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့စဉ်တုန်းက အနိုင်ယူထားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံနေခဲ့ရပြီး ယူနိုက်တက်က (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။

Photo Credit : Getty Image

ဧည့်သည်ယူနိုက်တက်အသင်းမှာ ဒဏ်ရာကြောင့် လုခ်ရှော မပါဝင်နိုင်ခဲ့လို့ အသင်းနဲ့ ပွဲထွက်ကစားခွင့်တွေ နည်းပါးလို့နေတဲ့ ဖိုဆူမန်ဆာကို ပြန်လည်ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာလည်း မာတစ်ကို အနားပေးပြီး တွမ်မီနေးကို အသုံးပြုလာခဲ့သလို လက်ကျန်နေရာတွေမှာ ရပ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ် ပေါ့ဘာ ဖာနန်ဒက်ဇ် ဘစ်ဆာခါ လင်ဒီလော့ မက်ဂွိုင်းယား ဒီဂီယာတို့ကိုပဲ ဆက်လက်အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ပဲလေ့စ်အသင်းမှာလည်း ဇာဟာ တောင်ဆန် အယူး မီလီယိုချီဗစ် မက္ကာသီ မက်အာသာ ဒန်း ဂျိုးဝက်စ် ဆာခို ဗန်အန်ဟော့ ဂွီတာတို့နဲ့ ပွဲထွက်လာခဲ့ပြီး အထလေးတတ်တဲ့ ယူနိုက်တက်ရဲ့ ပွဲအစကစားဟန်ကို အခွင့်ကောင်းယူနိုင်ဖို့ တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့သလို ကစားပုံမှာလည်း မာကျောနေခဲ့လို့ ယူနိုက်တက်တို့ သွင်းဂိုးရဖို့ ခက်ခဲခဲ့ရပါတယ်။ ကစားသမားဟောင်းဇာဟာကလည်း ပထမပိုင်းမှာ ယူနိုက်တက်ခံစစ်ကို မွှေနှောက်နိုင်ခဲ့ပြီး ဒီဂီယာ ကာကွယ်မှုတွေ ကောင်းခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်သလို (၄၄)မိနစ်ခန့်မှာလည်း ဇာဟာကို လင်ဒီလော့က ဧရိယာထဲမှာ ကစားပုံကြမ်းမိခဲ့တာကို ပင်နယ်တီမသတ်မှတ်ပေးခဲ့လို့ ပဲလေ့စ်တို့ နစ်နာခဲ့ရပါတယ်။ ခြေသိပ်မပေါ်ခဲ့တဲ့ ယူနိုက်တက်က ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာပဲ ဦးဆောင်ဂိုးကို ပိုင်ဆိုင်ခဲ့ရပြီး ရပ်ဖိုဒ့်က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းကတည်းက ကစားပုံကောင်းမွန်လို့နေတဲ့ ပဲလေ့စ်အသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ယူနိုက်တက်ဘက်ကို ဖိအားတွေပေးနိုင်ခဲ့ပြီး (၅၅)မိနစ်လောက်မှာပဲ ဇာဟာရဲ့ပေးပို့မှုကနေ အယူးက ချေပဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ရာမှာတော့ လူကျွံနေလို့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲကစားချိန်(၇၈)မိနစ်မှာ ရပ်ဖိုဒ့်ရဲ့ပေးပို့မှုကနေတစ်ဆင့် မာစီယဲလ်က အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။