ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်လာခဲ့တဲ့ Winter Break ကြောင့် ပရီးမီးယားလိဂ်အသင်းတွေအားလုံး ဒီဖေဖော်ဝါရီလထဲမှာ အနားယူရက်တွေ ရခဲ့ကြပြီး ပုံမှန်ကျင်းပနေကြ လိဂ်ပွဲတွေကို တစ်ပတ်ကို(၅)ပွဲစီ ခွဲကျင်းပခဲ့ကာ အသင်းတွေကို နားရက်မျှဝေခွဲပေးခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)ကို နှစ်ပတ်ခွဲကစားခဲ့ရပြီး ဒီနေ့ညမှာပဲ ပွဲစဉ်(၂၆)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ရင်ဆိုင်ကစားခဲ့ရပြီး ဧည့်သည်ယူနိုက်တက်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

Photo Credit : Getty Images

၄-၄-၃ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ အိမ်ရှင်ချယ်လ်ဆီးအသင်းဘက်မှာ ပူလီဆစ်နဲ့ အေဘရာဟမ်တို့ုလို အဓိက ကစားသမားတွေ ဒဏ်ရာပြသာနာကြောင့် ပါဝင်လာနိုင်ခြင်းမရှိသလို ကယ်ပါနဲ့ မေဆန်မောင့်တို့ကိုလည်း အရန်မှာပဲ ထားရှိခဲ့ပြီး ပွဲထွက်စာရင်းမှာတော့ ဘတ်ရှုအာယီ ဝီလီယံ ပတ်ဒရို ကန်တီ ကိုဗာဆစ် ဂျော်ဂျင်ဟို ရူဒီဂါ ခရစ္စတန်ဆန် အက်စ်ပီလီကွယ်တာ ရီစ်ဂျိမ်းစ်နဲ့ ကာဘယ်ရယ်လိုတို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်ယူနိုက်တက်အသင်းကလည်း ကစားသမားသစ် အီဂါလိုကို အရန်စာရင်းမှာ ထည့်သွင်းလာခဲ့ကာ ပွဲထွက်စာရင်းမှာတော့ မာစီယဲလ် ဂျိမ်းစ် ဖာနန်ဒက်စ် မာတစ် ဖရက်ဒ် ဝီလီယံစ် လုခ်ရှော ဘိုင်လီ မက်ဂွိုင်းယား ဘစ်ဆာခါနဲ့ ဒီဂီယာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းစတင်ပြီး သိပ်မကြာခင်လေးမှာပဲ ချယ်လ်ဆီးဘက်ကနေ အဓိကကွင်းလယ်လူ ကန်တီဒဏ်ရာရသွားခဲ့လို့ မေဆန်မောင့်နဲ့ လူစားလဲခဲ့ရပြီး ကွင်းလယ်ကို မောင်းနှင်ပေးနိုင်မယ့် ကစားသမားတစ်ယောက် လျော့သွားခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်လုပ်အားတွေ အခွင့်အရေးကောင်းတွေကိုတော့ အိမ်ရှင်အသင်းဘက်က ပိုမိုပိုင်ဆိုင်ခဲ့ပြီး ဘတ်ရှုအာယီ ဖြုန်းတီးခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ကွင်းလယ်ပိုင်းမှာ ချိတ်ဆက်မှု အားနည်းနေခဲ့ပေမယ့် ဘိုင်လီပါ ပြန်လည်ပါဝင်လာတဲ့ ခံစစ်က ပုံစံကောင်းပြနေတဲ့အပြင် ကောင်တာတိုက်စစ်တွေနဲ့ ချယ်လ်ဆီးခံစစ်ကို မွှေနှောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ မာစီယဲလ်က ဝမ်ဘစ်ဆာခါရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ အသင်းကြီးနှစ်သင်း ယှဉ်ပြိုင်ကစားနေတဲ့ အရသာမျိုးကို သိပ်မပေးစွမ်းဆောင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ဒုတိယပိုင်းက အတော်လေးကို ကြည့်ကောင်းလာခဲ့ပါတယ်။ ပထမပိုင်းမှာ သွင်းဂိုးခွင့်ပြုထားခဲ့ရတဲ့ အိမ်ရှင်အသင်းက ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ တိုက်စစ်ကို အလုံးအရင်းလိုက်ပါဆော့ကစားခဲ့ပြီး လူစားဝင်နောက်ခံလူ ဇူးမားက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဂိုးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အက်စ်ပီလီကွယ်တာက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ယူနိုက်တက်ကစားပုံက သိသိသာသာ ပြန်တတ်လာခဲ့ပြီး ၆၆မိနစ်မှာ ဖာနန်ဒက်စ် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် မက်ဂွိုင်းယားက အဆုံးသတ်ကောင်းစွာ ခေါင်းတိုက်ပြီး ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခံရပြီးနောက်မှာ ချယ်လ်ဆီးက ဘတ်ရှအာယီအစား ဂျရှးဝင်ရောက်လာခဲ့ပြီး ရ၇မိနစ်မှာပဲ ချေပဂိုးကို လှလှပပ ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း VAR က လူကျွံနေတယ်လို့ သတ်မှတ်ခဲ့တာကြောင့် ထပ်မံကံဆိုးခဲ့ပြန်ပါတယ်။ ယူနိုက်တက်ကစားသမား အီဂါလိုကတော့ နာကျင်အချိန်ပိုမှသာ လူစားဝင်ကစားခဲ့ပြီး အခွင့်အရေးကောင်းတစ်ကြိမ်ကိုတော့ အသုံးမချနိုင်ခဲ့ပါဘူး။