ပရီးမီးယားလိဂ် ပြန်လည်စတင်ခဲ့ပြီးနောက် (၂)ပွဲဆက်တိုက် ရှံးပွဲမရှိသေးပဲ တန်းဆင်းဇုန်နဲ့လွတ်ရာ ရုန်းထွက်နေတဲ့ ဘရိုက်တန်အသင်းက ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)အဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး ဧည့်သည်ယူနိုက်တက်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်အသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်က အသုံးပြုခဲ့တဲ့ လူစာရင်းအတိုင်းကိုပဲ ဆက်လက်သုံးစွဲလာခဲ့ပြီး ရပ်ဖိုဒ့် မာစီယဲလ် ပေါ့ဘာ ဂရင်းဝုဒ် ဖာနန်ဒက်စ် မာတစ် မက်ဂွိုင်းယား လင်ဒီလော့ လုခ်ရှော ဘစ်ဆာခါနဲ့ ဒီဂီယာတို့ကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ ဘရိုက်တန်ကတော့ သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား မူပေးကို လူစာရင်းကနေ ချန်လှပ်လာခဲ့ပြီး ကော်နယ်လီ မက်စ်အက်လီစတာတို့နဲ့ တိုက်စစ်ကို ပွဲထွက်လာခဲ့သလို အိမ်ကွင်းမှာ ယူနိုက်တက်ဆီကနေ ရမှတ်ရယူနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ပထမပိုင်းမှာကတည်းက ခြေစွမ်းပြသပြီး (၂)ဂိုးပြတ်နဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတွေကိုတော့ (၁၆)မိနစ်မှာ ဂရင်းဝုဒ်က တစ်ကိုယ်တော်ခြေစွမ်းပြပြီး သွင်းယူခဲ့တာဖြစ်သလို (၂၉)မိနစ်မှာတော့ ပေါ့ဘာ ဖာနန်ဒက်စ် အတွဲအဖက်ကနေ ဖာနန်ဒက်စ်က ဒုတိယဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဘရိုက်တန်ဘက်က မူပေးကို ထည့်သွင်းလာခဲ့ပေမယ့် ပွဲအစပြီး (၅)မိနစ်မှာ ယူနိုက်တက်ကပဲ တတိယသွင်းဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဂိုးကိုလည်း ဖာနန်ဒက်စ်သွင်းယူခဲ့တာဖြစ်ပြီး ပထမဂိုးရှင် ဂရင်းဝုဒ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ (၃)ဂိုးသွင်းယူပြီးနောက်မှာ ဖာနန်ဒက်စ် ပေါ့ဘာ လုခ်ရှောတို့ကို အနားပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ကစားအား အနည်းငယ်ကျဆင်းသွားခဲ့လို့ ဘရိုက်တန်က အခွင့်အရေးတွေ ရလာခဲ့ပေမယ့် ဒီဂီယာက အကောင်းဆုံးလက်စွမ်းတွေနဲ့ ကာကွယ်ခဲ့သလို ယူနိုက်တက်ကလည်း အခွင့်အရေးတချို့ရရှိခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးထပ်မရတော့ပဲ ယူနိုက်တက်က (၃)ဂိုးပြတ်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။