ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုပါ ပြန်လည်မျှော်မှန်းလာနိုင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာတော့ တန်းဆင်းဇုန်းအတွင်း ရုန်းကန်နေရတဲ့ ဘုန်းမောက်အသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဆုံတွေ့လို့နေပြီး အိမ်ရှင်ယူနိုက်တက်အသင်းက (၅)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူပြီး ပထမအကျော့ရှံးကြွေးကိုလည်း ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်အသင်းကတော့ ဒီနောက်ပိုင်း ပုံမှန်အသုံးပြုနေကြ လူစာရင်းဖြစ်တဲ့ မာစီယဲလ် ရပ်ဖိုဒ့် ဂရင်းဝုဒ် ပေါ့ဘာ မာတစ် ဖာနန်ဒက်စ် လုခ်ရှော မက်ဂွိုင်းယား လင်ဒီလော့ ဘစ်ဆာခါ ဒီဂီယာတို့ကိုပဲ အပြောင်းအလဲမရှိ ဆက်လက်အသုံးပြုလာခဲ့သလို ဧည့်သည်ဘုန်းမောက်အသင်းဘက်မှာတော့ အဓိကတိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရပါတယ်။ အိမ်ရှင်အသင်းက ပွဲအစကတည်းက တောက်လျှောက်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ဘုန်းမောက်ဘက်ကနေ အဖွင့်ဂိုးကို (၁၆)မိနစ်မှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး စတန်နီစလက်စ်က သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းက (၂၉)မိနစ်မှာ ဂရင်းဝုဒ်ရဲ့ အကောင်းဆုံးအဆုံးသတ်ဂိုးနဲ့ ချေပနိုင်ခဲ့သလို (၃၅)မိနစ်မှာလည်း ရရှိခဲ့တဲ့ ပင်နယ်တီကနေ ရပ်ဖိုဒ့်က ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာလည်း မာစီယဲလ်က လှပသေသပ်လှတဲ့ ဘယ်ခြေကန်ချက်နဲ့ တတိယဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ယူနိုက်တက်အသင်းက နောက်တန်းနဲ့ဂိုးသမားတို့ကြား အမှားအယွင်းတချို့ရှိခဲ့လို့ ဒုတိယပိုင်းအစမှာပဲ လင်ဒီလော့နေရာ ဘိုင်လီကို ထည့်သွင်းခဲ့ပေမယ့် ဘိုင်လီဘောလုံးထိန်းရာမှာ လက်ထိသွားခဲ့လို့ ဘုန်းမောက်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဂျိုရှအာကင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးပြန်ပေးလိုက်ရပေမယ့် ယူနိုက်တက်ကပဲ ပြန်လည်ဖိလာနိုင်ခဲ့ကာ (၅၄)မိနစ်မှာ ဂရင်းဝုဒ်ကပဲ အနိုင်ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါ့အပြင် (၅၉)မိနစ်မှာလည်း ဖာနန်ဒက်စ်က ဖရီးကစ်ကနေတစ်ဆင့် ယူနိုက်တက်အတွက် သွင်းဂိုးထပ်မံရယူခဲ့သလို ပွဲကိုအပြတ်အသတ်နဲ့ ဦးဆောင်စေခဲ့ပါတယ်။