အမှတ်ပေးဇယားအောက်ဆုံးက အသင်း(၃)သင်းထဲမှာ ပါဝင်လို့နေပြီး တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်လာခဲ့လို့ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အဖြစ် ဗီလာပတ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ ယူနိုက်တက်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပွဲရရှိသွားခဲ့ပါတယ်။

Photo Credit : Opta

ယူနိုက်တက်အသင်းကတော့ ဒီနောက်ပိုင်းမှာ သူတို့အသင်းရဲ့ အကောင်းဆုံးလူစာရင်းလို့ပြောရမယ့် ရပ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ် ပေါ့ဘာ မာတစ် ဂရင်းဝုဒ် ဝမ်ဘစ်ဆာခါ လုခ်ရှော လင်ဒီလော့ မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ကိုပဲ သုံးစွဲလာခဲ့ပြီး အိမ်ရှင်ဗီလာကလည်း ဆမန်သာ ဂရီးလစ် ထရာဇီဂေး မက်ဂန်း လုဇ် အယ်ဂါဇီ ကွန်ဆာ ဟောက်စ် တိုင်ရုန်းမင်းစ် တေလာနဲ့ ရိန်နာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအစမှာ ဗီလာအသင်းက သူတို့ရဲ့ ကစားဟန်အတိုင်း ခံစစ်ကို အကျစ်လစ်ဆုံးပုံစံနဲ့ ကစားလာခဲ့တဲ့အပြင် တိုက်စစ်လည်း ဖွင့်ကစားခဲ့လို့ အခွင့်အရေး အနည်းငယ်လောက် ရရှိခဲ့ပေမယ့် (၂၇)မိနစ်မှာ ယူနိုက်တက်ကို အငြင်းပွားဖွယ် ပင်နယ်တီသတ်မှတ်ပေးခဲ့ရာကနေ ဖာနန်ဒက်စ်က သွင်းယူခဲ့လို့ ဗီလာတို့ စိတ်ဓါတ်ကျသွားခဲ့ရာကာ ကစားပုံလည်း ကျသွားခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာလည်း လူငယ်ခြေတတ် ကစားသမားလေး ဂရင်းဝုဒ် အားပါလှတဲ့ ညာခြေကန်ချက်နဲ့ ဒုတိယဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။

Photo Credit : Opta

ဒုတိယပိုင်းရောက်တိုင်း ကစားပုံကျသွားတတ်တဲ့ ဗီလာက ပထမပိုင်းမှာကတည်းက ယူနိုက်တက်ဘက်ကို သွင်းဂိုး(၂)ဂိုး ပေးထားရလို့ ပြန်လည်တုန့်ပြန်ကစားဖို့ စိတ်ဓါတ်ကျဆင်းသွားခဲ့တဲ့အပြင် (၅၈)မိနစ်မှာပါ ယူနိုက်တက်က ပေါ့ဘာရဲ့အဝေးကန်ချက်နဲ့ တတိယဂိုးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပြီး ပွဲကို အပြတ်အသတ် ဦးဆောင်လိုက်ပါတယ်။ တတိယဂိုးရသွားခဲ့တဲ့ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် တစ်ခါမှမရဖူးသေးတဲ့ စံချိန်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲဆက်တိုက်ကို (၃)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ စံချိန်သစ်တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။