MySport Myanmar

မန်ယူအသင်းမှာတုန်းက မော်ရင်ဟိုကြောင့် နာကျင်ခံစားခဲ့ရဖူးတယ်လို့ ရှဝိန်းစတိုင်ဂါ ဖွင့်ဟ

ဂျာမနီအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဘက်စတိန်ရှဝိန်းစတိုင်ဂါက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ခဲ့ချိန်တုန်းက သူနဲ့ပတ်သက်ပြီး အဲ့ဒီအချိန်က ယူနိုက်တက်နည်းပြ ဖြစ်နေခဲ့တဲ့ ဂျိုးဆေးမော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် နာနာကျင်ကျင် ခံစားခဲ့ရဖူးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆယ်စုနှစ်တစ်ခု အကြာအထိ ပါဝင်ကစားခဲ့ဖူးတဲ့ စတိုင်ဂါဟာ ၂၀၁၅ခုနှစ် မှာတော့ သူရဲ့ဆရာသမားဟောင်း ဗန်ဟားလ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာ (၃၁)ပွဲအထိ ပါဝင်ခဲ့ရပေမယ့် အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ပြီး ဗန်ဟားလ်နေရာ မော်ရင်ဟို ရောက်လာချိန် မော်ရင်ဟိုက စတိုင်ဂါကို ယူနိုက်တက် စီနီယာအသင်းမှာပါ လေ့ကျင့်ခန်းဆင်းခွင့် မပေးတော့ပဲ ယူနိုက်တက် လူငယ်အသင်းနဲ့ သွားရောက် လေ့ကျင့်ခိုင်းခဲ့တာကြောင့် ဒီကိစ္စရပ်ဟာ သူ့အတွက်တော့ ကြီးမားတဲ့ နာကျင်မှုကြီး ဖြစ်ခဲ့ရတယ်လို့ စတိုင်ဂါက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

စတိုင်ဂါက “ကျွန်တော့်မွေးနေ့တုန်းက ယူနိုက်တက်အသင်း အဝတ်လဲခန်းကို လာခဲ့ရတာ အရမ်းထူးဆန်းနေပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီအဝတ်လဲခန်းအတွင်း ဝတ်ခွင့်မပြုထားဘူးလို့ လာပြောသွားတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော့် အဝတ်လဲခန်း ပြောင်းလိုက်ရပြီးတော့ ဒုတိယသင်းနဲ့ပဲ ကစားခဲ့ရပါတော့တယ်။ အဲ့ဒါက အရမ်းနာကျင်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ ကျွန်တော့်ကို စကားမပြောခဲ့ကြဘူး။ အဲ့ဒီနောက်မှာတော့ ကျွန်တော် မော်ရင်ဟိုနဲ့ စကားပြောခဲ့ပြီး ကျွန်တော် နားမလည်နိုင်တဲ့ အရာတစ်ခုကို သူရှင်းပြခဲ့တယ်။ အဲ့ဒါက ကျွန်တော် အသင်းမှာ ရရှိခဲ့တဲ့ ဒုတိယဒဏ်ရာနဲ့လည်း သက်ဆိုင်နေပါတယ်။ ယူနိုက်တက်ရဲ့ ဆေးဌာနမှာ မကုသခင် ရရှိခဲ့တဲ့ ပထမဒဏ်ရာအပြီး အသေးစား လေ့ကျင့်ရေး အစီအစဉ်မှာပဲ ဒုတိယဒဏ်ရာကို ထပ်ရရှိခဲ့လို့ ၂၀၁၆ ယူရိုပြိုင်ပွဲလည်း ရှိနေတဲ့အတွက် ဂျာမနီမှာ ကုသခွင့်တောင်းခဲ့တယ်။ ဗန်ဟားလ်လည်း သဘောတူခဲ့တယ်။ အဲ့ဒီအတိုင်း ကျွန်တော်လုပ်ခဲ့တယ်။ ကြံခိုင်လာတယ်။ ယူရိုလည်း ဝင်ကစားခဲ့ရတယ်။ ပြီးတော့ ယူနိုက်တက်ကို ပြန်လာပြီး အင်တာမှာရော ရီးယဲလ်မှာပါ ကျွန်တော့်ကို ခေါ်ယူချင်ခဲ့တဲ့ မော်ရင်ဟိုနဲ့ စတင်တွဲဖက်နိုင်ဖို့ မျှော်လင့်ခဲ့တယ်”

Photo Credit : Daily Mail

“ကျွန်တော် သူ့အပေါ်မှာ လေးစားမှုတွေ အများကြီး ရှိခဲ့ပေမယ့် ဘာကြောင့် ပထမအသင်းနဲ့ ကစားခွင့်ကို ခွင့်မပြုထားရလဲဆိုတာ နားမလည်ခဲ့ဘူး။ သူကတော့ ကျွန်တော်ရဲ့ ပရော်ဖက်ရှင်နယ် ပီသခြင်းနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော် ပရော်ဖက်ရှင်နယ် မပီသဘူးဆိုတာကလည်း မမှန်ပါဘူး။ နောက်ပိုင်းမှာတော့ လူငယ်တွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် လေ့ကျင့်နေရချိန်မှာ ကျွန်တော် Pro ဆန်တာကို ပြသဖြစ်ခဲ့တယ်။ မော်ရင်ဟိုကလည်း သူ့အမှားအတွက် တောင်းပန်ခဲ့ပေမယ့် ကျွန်တော်ကတော့ အရမ်းကို နာနာကျင်ကျင် ခံစားရလို့ ကလပ်အသင်းနဲ့ ရှေ့ဆက်ချင်စိတ်တွေပါ နည်းသွားခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Exit mobile version