အသင်းရဲ့ ဟာကွက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက် ကက်စီမီရိုကို ခေါ်ယူလိုက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တောင်ပံတိုက်စစ် နေရာအတွက်ကိုလည်း အသင်းရဲ့ ပစ်မှတ်တွေဖြစ်တဲ့ အန်တိုနီနဲ့ ကိုဒီဂက်ပိုတို့ နှစ်ယောက်ထဲကမှ ကစားသမားတစ်ယောက်ကိုတော့ မဖြစ်မနေ သေချာပေါက် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Planet Football

ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်ထဲ ဗဟိုခံစစ်နေရာ ဘယ်ခြမ်းခံစစ်နေရာ ကွင်းလယ်နေရာနဲ့ ကွင်းလယ်ခံစစ်နေရာတွေအတွက်သာ ကစားသမားသစ် ဖြည့်တင်းထားခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူဖို့က အခုအချိန်ထိ မလုပ်ဆောင်ထားနိုင်သေးပါဘူး။ ဒါပေမယ့် လက်ရှိမှာက နွေအပြောင်းအရွှေ့ ဈေးကွက်က ပိတ်သိမ်းခါနီးပြီ ဖြစ်တာကြောင့် ဈေးကွက် မပိတ်ခင်မှာပဲ တောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေအတွက် ကစားသမား ခေါ်ယူသွားဖို့ စီစဉ်နေပြီး တောင်ပံတိုက်စစ် နေရာအတွက် အိုင်းယတ်စ် ကစားသမား အန်တိုနီနဲ့ PSV တောင်ပံကစားသမား ကိုဒီဂက်ပိုတို့ကို ပစ်မှတ်ထားနေသလို ဒီကစားသမား နှစ်ဦးထဲကမှ တစ်ဦးဦးကို အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Republic News USA

ယူနိုက်တက်အသင်းဟာ နွေဈေးကွက် တစ်လျှောက်လုံးမှာ အဲရစ်တန်ဟက်ဂ်ရဲ့ တပည့်ဟောင်းဖြစ်သူ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်သလို ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် အိုင်းယတ်စ်ဘက်က ပယ်ချခဲ့သလို နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့တဲ့ ယူရိုသန်း(၈၀)တန် ကမ်းလှမ်းမှုကိုလည်း အိုင်းယတ်စ်က ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်ကတော့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်လိုတဲ့အတွက် သူ့ကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာတယ်ဆိုရင် ရောင်းချပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုလည်း ယူနိုက်တက်က အန်တိုနီရဲ့အေးဂျင့်နဲ့ပါ ချိတ်ဆက်လျက် ရှိနေပြီး အန်တိုနီကပါ ယူန်ိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့အတွက် အိုင်းယတ်စ်ဘက်က ဆုံးဖြတ်ချက်သာ ကျန်ရှိနေတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အန်တိုနီအပြင် နောက်ထပ် နယ်သာလန်လိဂ်ရဲ့ အရည်အသွေးမြင့် တောင်ပံကစားသမား ဂက်ပိုကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပြီး လွန်ခဲ့တဲ့ (၂)ပတ်လောက်ကတည်းက ကစားသမားရဲ့ camp ကို ဆက်သွယ်ထားခဲ့တယ်လို့ သိရပါတယ်။ နယ်သာလန်လက်ရွေးစင် တောင်ပံကစားသမား ဂက်ပိုဟာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ပါ အေးဂျင့်အတူတူဖြစ်ပြီး အန်တိုနီကို ခေါ်ယူဖို့ ကြိုးပမ်းမှုက မအောင်မြင်နိုင်ခဲ့ရင် ဂက်ပိုကိုသာ ရွေးချယ် ကမ်းလှမ်းသွားဖွယ် ရှိနိုင်ပါတယ်။