MySport Myanmar

ညာနောက်ခံလူတစ်ဦးကို ခေါ်ယူသွားဖို့ အဓိက ပစ်မှတ်ထားနေတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ အင်အားဖြည့်တင်းသွားဖို့ ရှိနေရာ ညာခြမ်းခံစစ်နေရာအတွက် right-back တစ်ဦးကို ဦးစားပေး ပစ်မှတ်ထားသွားမယ်လို့ သိရပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ညာခြမ်းခံစစ် ကစားသမားတွေအဖြစ် ဒီယိုဂိုဒါလော့နဲ့ အာရွန်ဝမ်ဘစ်ဆာခါတို့ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ပေါ်တူဂီ right-back ဒါလော့ကိုသာ ဒီရာသီရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ တောက်လျှောက် အသုံးပြုနေပြီး ဘစ်ဆာခါကိုတော့ ပွဲကစားခွင့်မပေးပဲ လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ ဒါလော့က လက်ရှိမှာ ယူနိုက်တက်ရဲ့ ညာနောက်ခံနေရာအတွက် အကောင်းဆုံး ကစားသမား ဖြစ်နေပေမယ့် နည်းပြတန်ဟက်ဂ်ကတော့ ဘစ်ဆာခါကို သဘောမကျလို့ နောက်ထပ် ညာနောက်ခံလူတစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Youtube

တန်ဟက်ဂ်ဟာ နွေဈေးကွက်တုန်းက သူနဲ့ အိုင်းယတ်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အမေရိကန် ညာနောက်ခံကစားသမား ဆာဂျီညိုဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ပဲ ကစားသမားက ဘာစီလိုနာကနေ အေစီမီလန်အသင်းဆီသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ဟာ right-back option အတွက် လိုင်ယွန်အသင်းရဲ့ ပြင်သစ် ဆယ်ကျော်သက်ကစားသမားလေး မယ်လိုဂူစတိုကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂူစတိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး လိုင်ယွန်စီနီယာအသင်းအတွက် တစ်ရာသီအတွင်း ပွဲပေါင်းများစွာ ကစားပေးခွင့် ရလာခဲ့သလို အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဂူစတိုက လိုင်ယွန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးမှာလည်း ယူရို(၁၅)သန်းသာ ရှိနေတဲ့အတွက် ယူနိုက်တက်တို့ ဒီကစားသမားလေးကို ဆောင်းဈေးကွက်ထဲမှာ ကြိုးပမ်းလာဖွယ် ရှိနေသလို ချန်ပီယံရှစ်ကလပ် နောဝစ်ချ်စီးတီး အင်္ဂလန် ညာနောက်ခံ ကစားသမားလေး မက်စ်အာရွန်စ်ကိုလည်း ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အသင်းမှာ နေရာမပေးချင်တော့တဲ့ ဘစ်ဆာခါကလည်း ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။

Exit mobile version