ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရာသီဝက် အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂျက်ဆီလင်ဂတ်ကို သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ ဆန္ဒရှိမနေတဲ့အပြင် (၃)နှစ်စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေတယ်လို့ Daily Star ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : One Football

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားသလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့်ရအောင်ပါ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

Photo Credit : Daily Star

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းကနေ အပြီးသတ် ခေါ်ယူချင်နေသလို အခြားသော ပရီးမီးယားလိဂ်အသင်းတွေနေလည်း အလိုရှိနေကြပေမယ့် ယူနိုက်တက်ဘက်က သူတို့ရဲ့ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး Daily Star ရဲ့ ဖော်ပြချက်အရ တစ်ပတ်ကို ပေါင်(၁၃၀၀၀၀)နဲ့ (၃)နှစ်စာချုပ်ပါ ချုပ်ဆိုသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လင်ဂတ်ဟာ ၂၀၁၅ခုနှစ်ခန့်ကပဲ ယူနိုက်တက်စီနီယာအသင်းမှာ စတင်ကစားခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ သူရဲ့စွမ်းဆောင်ရည် ကျဆင်းလာမှုတွေကြောင့် သူရဲ့ ယူနိုက်တက်ကစားသမားဘဝ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ သူရဲ့အကောင်းဆုံး စွမ်းရည်တွေကို ပြန်လည်ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ဘက်ကနေ သူ့ကို အသင်းမှာ နေရာပြန်ပေးဖို့ပါ စဉ်းစားလာခဲ့တဲ့ပြီး တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့ လင်ဂတ်ကို စာချုပ်ကိုလည်း သက်တမ်းတိုးသွားဖို့ ဆန္ဒရှိလို့နေတာဖြစ်ပါတယ်။