MySport Myanmar

ပေါ်တူဂီ တိုက်စစ်မှူးလေး ရာမို့စ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ မန်ယူ

အားကစားသတင်းတွေရဲ့ ဖော်ပြချက်များအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားလေး ဂွန်ဇာလိုရာမို့စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Get French Football News

အသက်(၂၁)နှစ်အရွယ် ပေါ်တူဂီ ကစားသမားလေး ရာမို့စ်က ဒီနှစ်ရာသီအတွင်း ဘင်ဖီကာအသင်းအတွက် (၁၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၈)ဂိုး သွင်းယူထားနိုင်တာကြောင့် သူ့ကို ယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ နာမည်ကျော် သတင်းစာကြီး The Sun ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားခဲ့ပြီးပြီ ဖြစ်သလို ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : Chiesa De Totti

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အန်တိုနီ ကက်စီမီရို လီဆန်ဒရိုမာတီနက်ဇ် အပါအဝင် ကစားသမားသစ်တွေအတွက် ​ပြောင်းရွေ့ကြေး ပေါင်သန်းနှစ်ရာကျော်အထိ သုံးစွဲခဲ့ပေမယ့်လည်း အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လာမယ့် ဆောင်းစျေးကွက်ထဲမှာလည်း ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ဆန္ဒရှိနေသလို ရာမို့စ်လည်း တန်ဟက်ဂ် ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းထဲမှာ အပါအဝင် ဖြစ်​နေပါတယ်။ ယူနိုက်တက်က အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို ရပ်ရှ်ဖို့ဒ် မာစီယဲလ်တို့ ရှိနေပေမယ့်လည်း ရော်နယ်လ်ဒိုက ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ သေချာနေသလို ရပ်ရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့ကလည်း ခြေစွမ်းပြလာပြီဆိုတိုင်း ဒဏ်ရာပြဿနာနဲ့ မကြာခဏ ရင်ဆိုင်တတ်ရတာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို ထပ်မံ အားဖြည့်သွားချင်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်သူ ရာမို့စ်က ၂၀၂၀ခုနှစ်မှာပဲ ဘင်ဖီကာ စီနီယာအသင်းအတွက် စတင် ကစားပေးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၇၁)ပွဲ ကစားထားပြီး (၂၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘင်ဖီကာအသင်းဘက်ကတော့ ဒါဝင်နူနက်ဇ်ကို ဆုံးရှုံးထားရတာကြောင့် နောက်ထပ် တိုက်စစ်ကစားသမား တစ်ဦးကိုပါ ထပ်မံ လက်မလွတ်ချင်တာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ်သာ ရှိနေပါတယ်။

Exit mobile version