ဒူးဒဏ်ရာ ပြသာနာကြောင့် ကာလအတန်ကြာ အနားယူထားခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာလည်း အသင်းအတွက် တစ်ပွဲလေးသာ ပါဝင်ကစားထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကို ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းကနေ အငှားနဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့သလို ယူနိုက်တက်ဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတဲ့အတွက် မကြာခင်မှာပဲ ဖီးလ်ဂျုံးစ်ကို ပြင်သစ်လီဂူးပြိုင်ပွဲအတွင်း မြင်တွေ့လာရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Twitter

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဖီးလ်ဂျုံးစ်ဟာ ၂၀၁၁ခုနှစ်လောက်ကတည်းက ဘလက်ဘန်းအသင်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာဖြစ်လို့ အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားနေသူလည်း ဖြစ်ပေမယ့် လက်ရှိ ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းရား ဗာရန်း လင်ဒီလော့တို့ ရှိနေတဲ့အပြင် အဲရစ်ဘာယီကိုလည်း အသင်းမှာပဲ ဆက်လက်ထားရှိမှာဖြစ်လို့ ဖီးလ်ဂျုံးစ်အတွက် အခွင့်အရေးတွေက မရှိသလောက်ကို ဖြစ်သွားခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ဖီးလ်ဂျုံးစ်ကို ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကနေ အငှားနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့သလို ယူနိုက်တက်ကလည်း ဂျုံးစ်ကို ဘော်ဒိုးအသင်းဆီ အငှားချဖို့ လက်ခံသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Marca

ဘော်ဒိုးအသင်းဟာ လီဂူးရဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာကို ရောက်ရှိနေရပြီး တန်းဆင်းဇုန်နဲ့လည်း အမှတ်ကပ်လွန်းနေတာကြောင့် ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ခံစစ်ကို အားဖြည့်တဲ့အနေနဲ့ ဖီးလ်ဂျုံးစ်ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘော်ဒိုးအသင်းဟာ ဖီးလ်ဂျုံးကို ယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူရာမှာ ကစားသမားရဲ့ လစာကို မပေးချေချင်ပဲ ဒီအတိုင်းသာ အငှားသက်သက်နဲ့ ခေါ်ယူချင်နေတာဖြစ်လို့ ဒီကိစ္စမှာတော့ အသင်းနှစ်သင်းကြား အကြေအလည် ဆွေးနွေးရနိုင်ပါတယ်။ ဖီးလ်ဂျုံးစ်ကို အငှားချသွားဖွယ် ရှိလို့နေတဲ့ ယူနိုက်တက်အသင်းဟာ ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ ကစားသမား အများစုကို အငှားချလျက် ရှိနေပြီး တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို ဆီဗီလာအသင်းဆီ အငှားချထားပြီး နောက်ခံလူ တွမ်ဇီဘီကို ဗီလာကနေ နာပိုလီအသင်းဆီ အငှားချသလို လူငယ်တောင်ပံကစားသမားလေး အာမတ်ဒီယဲလ်လိုကိုလည်း ရိန်းဂျားအသင်းဆီ အငှားချထားခဲ့ပါတယ်။ ဒီလို ကစားသမား အငှားချမှုတွေ ရှိနေတဲ့ ယူနိုက်တက်အသင်းဟာ စျေးကွက် မပိတ်သိမ်းခင်မှာ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူသွားဖို့က လက်ရှိအချိန်ထိ လှုပ်ရှားမှု မရှိသလောက် ဖြစ်နေတာကြောင့် ဒီနှစ်ရဲ့ ဆောင်းတွင်းမှာ ကစားသမားအထွက်ပဲ ရှိသွားနိုင်ပါတယ်။