မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ပစ်မှတ်ဟောင်း ကစားသမားတစ်ဦးဖြစ်တဲ့ မက္ကဆီကို striker လိုဇာနိုကို နာပိုလီအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ အီတလီ နာမည်ကျော် ဘောလုံးသတင်းထောက် ဒီမာဇီယိုက ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Twitter
ယူနိုက်တက်အသင်းဟာ နွေဈေးကွက်မပိတ်ခင်မှာပဲ တိုက်စစ်ပိုင်းအတွက် တောင်ပံကစားသမားတစ်ဦးနဲ့ အထောင်တိုက်စစ် ကစားသမားတစ်ဦးတို့ကို ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေရာ တောင်ပံအခြမ်းမှာရော နောက်ချန်တိုက်စစ် နေရာမှာပါ ကစားနိုင်တဲ့ လိုဇာနိုကို စိတ်ဝင်စားလာခဲ့ပါတယ်။ လိုဇာနိုက ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဟောင်း ကစားသမားဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး PSV ကနေ နာပိုလီအသင်းဆီ မပြောင်းရွှေ့ခင်မှာပဲ ယူနိုက်တက် လိုဇာကို ခေါ်ယူဖို့ ချ်ိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ဖူးသလို လက်ရှိမှာလည်း လိုဇာကို ထပ်မံ ကြိုးပမ်းသွားမယ့် အခြေအနေတွေ ရှိနေရပါတယ်။
Photo Credit : Antara News
အသက်(၂၇)နှစ်အရွယ် တိုက်စစ်ကစားသမား လိုဇာနိုဟာ မက္ကဆီကိုကလပ် ပါချူကာအသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာပဲ နယ်သာလန်ကလပ် PSV အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ PSV အသင်းမှာ နှစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ (၇၉)ပွဲမှာ ဂိုး(၄၀)ထိ သွင်းယူနိုင်ခဲ့တဲ့ လိုဇာနိုကို ဥရောပထိပ်သီး ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးမှာတော့ စီးရီးအေကလပ် နာပိုလီက လိုဇာနိုကို ယူရို(၄၂)သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ လက်ရှိမှာ နာပိုလီအသင်းအတွက် ပွဲပေါင်းတစ်ရာကျော်အထိ ကစားထားနိုင်တဲ့ လိုဇာနိုဟာ ညာခြေအားသန်ပြီး ဘယ်တောင်ပံအခြမ်းမှာ ကစားတတ်သူ ဖြစ်သလို တိုက်စစ်နေရာမှာလည်း ကစားတတ်သူလည်း ဖြစ်ပါတယ်။ နာပိုလီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ လိုဇာနိုရဲ့ လက်ရှိ တန်ကြေးဟာ ယူရိုသန်း(၃၀)လောက် ရှိနေရပြီး နာပိုလီရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေတာကြောင့် ယူနိုက်တက်အနေနဲ့ လိုဇာနိုကို ခေါ်ယူဖို့ ခက်ခဲနိုင်ပြီး နာပိုလီဆိုတာကလည်း သူတို့အသင်းက ကစားသမားတစ်ဦးကို အလွယ်တကူ မရောင်းချတတ်တဲ့ အသင်းဖြစ်နေတာကြောင့် ယူနိုက်တက်အတွက် ပိုလို့တောင် ခက်ခဲရဖွယ် ရှိနေပါတယ်။