ဒီနေ့ည(၇)နာရီအချိန်မှာတော့ ဘောလုံးပရိသတ်တွေ စောင့်မျှော်နေရတဲ့ အဲဗာတန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပြီး လက်ရှိမှာလည်း ဒီပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာများစွာက ထောင့်ပေါင်းစုံကနေ ထွက်ပေါ်လျက်ရှိနေပါတယ်။ တော်တော်များများကတော့ ဒီပွဲရဲ့ရလဒ်ပေါ်မှာ မူတည်နေတဲ့ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားရဲ့အနာဂတ်ကိုသာ စိတ်ဝင်စားနေကြပေမယ့် ကျွန်တော်ကတော့ အားလုံးသိပ်သတိမထားမိကြတဲ့ စိတ်ဝင်စားစရာအကြောင်းတစ်ချက်ကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Daily Mail

တကယ်တော့ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ဟာ ကစားသမားရောင်းချမှုတွေ အပြန်အလှန် လုပ်ခဲ့ဖူးကြတဲ့ ကလပ်အသင်းတွေပါ။ ရွန်းနီ လူကာကူ ဖယ်လိုင်နီတို့လို ကစားသမားတွေက အဲဗာတန်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ကြသလို ဖီးလ်နဖီး ဘလွန်းကွတ်စ် တင်ဟောင်းဝပ် ရှနိုက်ဒါလင်တို့ကလည်း ယူနိုက်တက်ကနေ အဲဗာတန်ဆီကို ပြောင်းရွှေ့ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်က အဲဗာတန်အသင်းကနေ လူကာကူကို ၂၀၁ရခုနှစ်လောက်က ခေါ်ယူနိုင်ခဲ့ပေမယ့် အဲဗာတန်ကတော့ ယူနိုက်တက်ရဲ့ ကစားသမားတွေကို ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက ခေါ်ယူဖို့ကြိုးစားတိုင်း အဆင်မပြေဖြစ်ခဲ့ရပြီး ရှနိုက်ဒါလင်တစ်ယောက်တည်းကိုသာ ခေါ်ယူနိုင်ခဲ့ရကာ အသင်းအတွက်တော့ အကျိုးရှိတဲ့ ခေါ်ယူမှုလည်း မဖြစ်ခဲ့ရပါဘူး။

Photo Credit : Daily Mail

၂၀၁၄ခုနှစ်တုန်းက အဲဗာတန်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား တွမ်ကလီဗာလေကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်က အဲဗာတန်ထက် ဗီလာအသင်းဆီကိုသာ အငှားချခဲ့ပြီး အဲဗာတန်ကလည်း ကလီဗာလေ Free Agent ဖြစ်သွားချိန်မှပဲ ခေါ်ယူနိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နွေစျေးကွက်ပိတ်ခါနီး Deadline Day တုန်းကလည်း အဲဗာတန်ဟာ ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဘက်က လက်မခံခဲ့ပဲ အာဂျင်တီးနားကလပ် အက်စတူဒီယန်းဒန့်အသင်းဆီကိုပဲ အငှားချခဲ့ပါတယ်။ ဒါတွေအပြင် ဒီရာသီမှာလည်း နောက်ထပ်အာဂျင်တီးနား ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂိုးသမားကြီး ဆာဂျီယိုရိုမဲလ်ရိုးကို ပစ်ဖိုဒ့်နဲ့အပြိုင် အသုံးပြုဖို့အတွက် ကမ်းလှမ်းမှု ထပ်မံပြုလုပ်ခဲ့ရာ ယူနိုက်တက်ဘက်က ထပ်ပြီးပယ်ချခဲ့ကာ ရိုမဲလ်ရိုးကိုလည်း အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ကာ အရန်စာရင်းတွေထဲမှာတောင် ထည့်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကစားသမားတွေဟာ ယူနိုက်တက်မှာ အနာဂတ်ပျောက်နေသူတွေ ဖြစ်နေပေမယ့် အဲဗာတန်လို အသင်းမျိုးကို ရောက်သွားချိန်မှာ သူတို့ရဲ့ကစားသမားဘဝက ပြန်လည်တောက်ပလာနိုင်သလို အဲဗာတန်အတွက်လည်း အကျိုးရှိမှုတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဆိုတော့ အသင်း(၂)သင်းရဲ့ကြားမှာ အခုလို အဆင်မပြေသရာ အပြောင်းအရွှေ့ကိစ္စတွေ ရှိနေခဲ့ခြင်းကလည်း သူတို့(၂)သင်း ထိပ်တိုက်တွေ့ဆုံရမယ့်ပွဲအတွက် ပွဲရှိန်ကို မြင့်တတ်စေမယ့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆမိပါတယ်။