ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အိုင်းယတ်စ်အသင်းရဲ့ နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် အပြိုင်အဆိုင် ဖြစ်နေရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ အခုလည်း အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် ဆောက်သမ်တန် ညာနောက်ခံကစားသမား ကိုင်းဝေါ်ကာပီတာစ်ကိုပါ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ The Athletic ရဲ့ စပယ်ရှယ်ဂျာနယ်လစ် ဒေးဗစ်အော်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

FPL new arrivals: Walker-Peters can benefit from regular role

Photo Credit : Premier League

အော်စတိန်းရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်ရော အာဆင်နယ်ပါ သူတို့အသင်းတွေရဲ့ right-back နေရာအတွက် စပါးကစားသမားဟောင်းဖြစ်သူ ဝေါ်ကာပီတာစ်ကို ပစ်မှတ်ထားလျက် ရှိနေပြီး ကမ်းလှမ်းမှုတွေကိုပါ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ညာနောက်ခံကစားသမား ဝေါ်ကာပီတာစ်ဟာ စပါး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ စပါးစီနီယာအသင်းအတွက် စတင်ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် (၃)ရာသီအတွင်းမှာတောင် စပါးအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲသာ ပါဝင်ခဲ့ရတဲ့ ဝေါ်ကာပီတာစ်ဟာ ၂၀၂၀ ဇန်နဝါရီမှာတော့ ဆောက်သမ်တန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Twitter

အငှားကစားသမားဘဝနဲ့ ဆောက်သမ်တန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝေါ်ကာပီတာစ်ကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နွေဈေးကွက်မှာပဲ ဆောက်သမ်တန်အသင်းက ပေါင်(၁၂)သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဝေါ်ကာပီတာစ်ဟာ ဆောက်သမ်တန်အသင်းရဲ့ ညာခြမ်းခံစစ်မှာ ပုံမှန်နေရာ တစ်နေရာကို ပိုင်ဆိုင်နေရပြီဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၂)ပွဲအထိပါ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ညာခြမ်းခံစစ်နေရာကို ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေကြတဲ့ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့က ဆောက်သမ်တန် right-back ဝေါ်ကာပီတာစ်ကို အလိုရှိနေကြပြီး ဆောက်သမ်တန်အသင်းဘက်ကလည်း ဝေါ်ကာပီတာစ်နေရာမှာ ပြန်လည်အစားထိုးဖို့ ကစားသမားသစ်တွေ ရှာဖွေနေပြီလို့ သိရပါတယ်။ ဆောက်သမ်တန်အသင်း အလိုရှိနေတဲ့ ကစားသမားတွေထဲမှာ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ ဘရန်ဒန်ဝီလီယံစ်ပါ ပါဝင်နေတာကြောင့် ဆောက်သမ်တန်နဲ့ ယူနိုက်တက်တို့ကြားမှာ ဝီလီယံစ်နဲ့ ဝေါ်ကာပီတာစ်တို့ကြား အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့က အခြေအနေ ပိုများလာနိုင်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဒီနွေဈေးကွက်အတွင်း ရောင်းချသွားမယ့် ကစားသမားစာရင်းမှာပါ ဘရန်ဒန်ဝီလီယံစ်ပါ ပါဝင်လို့နေပါတယ်။