ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စီနီယာအသင်းကြီးအတွက် ကစားသမားခေါ်ယူမှုကို တစ်ကြိမ်သာ ပြုလုပ်ထားခဲ့ပြီး လူငယ်အသင်းအတွက်ကိုသာ ကစားသမားလေးတွေကို အားဖြည့်ခေါ်ယူလျက်ရှိနေပါတယ်။ အခုလည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ချာလီမက်နေးလ်ကို ပြောင်းရွှေ့ကြေး ပေါင်(၁.၃၅)သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၁၇)နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမား ချာလီမက်နေးလ်ဟာ ယူနိုက်တက်လူငယ်အသင်းကနေ ပေါ်ထွက်ခဲ့သူဖြစ်ပေမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးလူငယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ သူရဲ့ခြေစွမ်းတွေကို ပိုမိုတိုးတတ်ကောင်းမွန်လာခဲ့ရပါတယ်။ ဒါပေမယ့် အသက်(၁၈)နှစ်မပြည့်ခင် မန်စီးတီးအသင်းဘက်ကနေ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာခဲ့ပေမယ့် မက်နေးလ်ကတော့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချပြီး အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ရွေးချယ်လာခဲ့တာကြောင့် သူ့ကို ဂျုဗင်တပ်စ် ရိန်းဂျားစ် လိုက်ပ်ဇစ်နဲ့ ယူနိုက်တက်အသင်းတို့ကနေ အပြိုင်ကမ်းလှမ်းလာခဲ့ရာ အားလုံးထက် ယူနိုက်တက်က အသာရသွားခဲ့ပါတယ်။

Photo Credit : The Sun

အခု စက်တင်ဘာလအတွင်းမှ အသက်(၁၇)နှစ်ပြည့်ထားတဲ့ မက်နေးလ်ကို ယူနိုက်တက်ဘက်ကနေ ပေါင်(၇)သိန်းခွဲနဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် အပိုဆုကြေးတွေကိုပါ ထည့်သွင်းပေါင်းလိုက်မယ်ဆိုရင် ပေါင်(၁.၃၅)သန်းထိ ဖြစ်သွားရတာဖြစ်ပါတယ်။ မက်နေးလ်ဟာ မန်စီးတီးလူငယ်အသင်းရဲ့ ဂိုးသွင်းစက်တစ်ယောက်ဖြစ်ပြီး မန်စီးတီးမှာ သွင်းဂိုးပေါင်းများစွာကို သွင်းယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး ဂါနာချိုကိုလည်း (၅)နှစ်စာချုပ်နဲ့ ခေါ်ယူစာချုပ်ဆိုထားခဲ့တာဖြစ်တာကြောင့် လူငယ်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုက အားရစရာကောင်းလို့နေပါတယ်။ နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း လူငယ်ကစားသမားတွေကို စီနီယာအသင်းကြီးမှာ နေရာပေးတတ်လေ့ရှိသူဖြစ်လို့ ဒီကစားသမားတွေအနေနဲ့ ခြေစွမ်းပြရင် ပြနိုင်သလောက် အသင်းကြီးမှာ ပါဝင်ကစားခွင့် ရလာနိုင်ပါတယ်။ ယူနိုက်တက်စီနီယာအသင်းကတော့ လက်ရှိမှာ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်တည်းကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး ဆန်ချိုကိုလည်း အရခေါ်ယူသွားဖို့ ကြိုးပမ်းလို့နေပါတယ်။