MySport Myanmar

ယူနိုက်တက်က​နေ ဖလာမင်ဂိုအသင်းဆီကို အပြီးသတ် ပြောင်းရွှေ့တော့မယ့် ပါရဲယား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ အန်ဒရေယပ်စ်ပါရဲယားဟာ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ ဘရာဇီးလ် နာမည်ကြီးကလပ် ဖလာမင်ဂိုအသင်းဆီကို အပြီးသတ် ပြောင်းရွှေ့သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ဘရာဇီးလ် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်လူ ပါရဲယားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ကမှ ဘရာဇီးလ်ကို ပြန်သွားခဲ့ပြီး ဖလာမင်ဂိုအသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ Copa Libertadores 2021 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ကြီးမားတဲ့ အမှားတချို့ ကျူးလွန်မိခဲ့ပေမယ့် ဖလာမင်ဂိုအသင်းရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရတဲ့ ပါရဲယားကို ဖလာမင်ဂိုဘက်က အငှားကနေ အပြီးသတ် ခေါ်ယူသွားချင်တာကြောင့် ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်း+အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို ပါရဲယားရဲ့ မိခင်ကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းကပါ သဘောတူညီသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

၂၀၁၂ခုနှစ်လောက်ကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ပါရဲယားဟာ ယူနိုက်တက်အသင်းကို နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားလ် ကိုင်တွယ်ခဲ့ချိန် ၂၀၁၅ခုနှစ်မှာပဲ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကစားသမားအဖြစ် (၈)ရာသီလောက် ရှိခဲ့ရတဲ့ ပါရဲယားဟာ အသင်းအတွက် ပွဲပေါင်း(၇၅)ပွဲသာ ကစားခဲ့ရပြီး ဂရန်နာဒါ ဗလင်စီယာ လာဇီယိုအသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရသလို အခုလည်း ဖလာမင်ဂိုအသင်းဆီ အငှားကနေ အပြီးသတ် ပြောင်းရွှေ့ဖို့ပါ နီးစပ်နေပြီ ဖြစ်ပါတယ်။ ပါရဲယားဟာ ဖလာမင်ဂိုအသင်းအတွက် ၂၀၂၁ခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၂၄)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့သလို အခုလည်း ၂၀၂၂ခုနှစ် ဘောလုံးရာသီအတွက် စတင်ပါဝင်နေပြီ ဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ (၂၅)ပွဲအတွင်းမှာ (၅)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပါရဲယားဟာ ယူနိုက်တက်အသင်းအတွက်ကိုတော့ (၇၅)ပွဲအတွင်းမှာ စုစုပေါင်းသွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ကစားခွင့် အနည်းငယ်လေးသာ ရရှိခဲ့ပါတယ်။

Exit mobile version